မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်း ၃ ကြောင်းခွဲပြီးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်က အနီးကပ်စောင့်ကြို တိုက်ခိုက်လို့ စစ်သား ၇ဦးသေဆုံးခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်(ပ.က.ဖ)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စိုင်သေရွာ တောရိုးကနေ မြေမလှရွာဘက်ကို ဩဂုတ် ၁၇ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကြောင်း (၃ )ကြောင်းခွဲကာ တက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ရွာနှစ်ရွာအကြား တောရိုးအရောက်မှာ ကုန်းထိပ်ကနေ အသင့်စောင့်နေတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အနီးကပ်စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်သား ( ၇) ဦး သေဆုံးပြီး အများအပြားထိခိုက်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခလရ ၂၅၇ က ဖောကားတစ်စီးနဲ့ တပ်ကူလာကာ အထိနာနေတဲ့ စစ်သားတွေနဲ့ လူချိန်ပြီးတော့ ရှေ့ဆက်တက်လာရာ တောင်ဦးရွာနဲ့ မြေလှရွာကြားအရောက် ညနေ ( ၄) နာရီ ဝန်းကျင်မှာ အသင့်စောင့်နေတဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ ဒုတိယအကြိမ် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရှေ့ဆုံးက တက်လာတဲ့ အကြမ်းဖက်စစ်သား ၃ဦးလဲ ကျသွားပြီး အများအပြားထိခိုက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီတိုက်ပွဲကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်(ပ.က.ဖ)၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ( ၉) နှင့် နွေဦးစစ်သည် YSO-ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။