ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီ၏ ရေတလျောက် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ကျဆုံးခဲ့သည့် ရဲဘော်ကိုနိုင်( ခေါ် )ကိုဖြူဖွေး( ခေါ် )ဗိုလ်မီးသွေး၏ နာရေးကျင်းပမှုမှတ်တမ်းကို Special Operation Group(SOG) က ယနေ့ ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၁၄ရက်က ထိုင်း – မြန်မာနယ်စပ်ရှိ ရေတလျောက် တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဧရာဝတီအင်အားစုများ နှင့် SOG တပ်ဖွဲ့အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးသေဆုံးပြီး လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။ ယင်းစခန်းသိမ်းတိုက်ပွဲ၌ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် တစ်ဦးကျဆုံးပြီး ရဲဘော်အချို့ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
ရဲဘော်ကိုဖြူဖွေးအား ဆုံးရှုံးလိုက်ရခြင်းကို အတူနေဧရာဝတီအင်အားစုတပ်ဖွဲ့ဝင်များနည်းတူ SOG တပ်ဖွဲ့ဝင်များအားလုံး ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်သည်။
ရဲဘော်ကိုဖြူဖွေး၏ ပေးဆပ်မှုနှင့် ထိုက်တန်စေရန် SOGတပ်ဖွဲ့အပါအဝင် ပူးပေါင်းမဟာမိတ်အင်အားစုများမှ အတူတကွလက်တွဲပြီး စစ်အာဏာရှင်အမြစ်ပြတ်ပြုတ်ကျရေးကို အရှိန်တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ကတိသစ္စာ အဓိဌာန်ပြုကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ရေတလျောက်စခန်းသိမ်းတိုက်ပွဲမှာ ၂၅မိနစ်သာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု KNUက ထုတ်ပြန်ထားသည်။