တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စစ် ကောင်စီတပ်သားများ စီးနင်းလိုက်ပါလာသည့် ယာဥ်ကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့(ဇန်နဝါရီ ၅)မွန်းလွဲ ၃ နာရီ ၁၅မိနစ်ခန့်က ရေတာရှည်နယ် ဒိုးတန်းကျေးရွာအုပ်စု၊ ကွမ်းအုံးကျေးရွာနှင့် တခွဲကြဲကျေးရွာ အကြားတွင် စစ်ကောင်စီတပ်ယာဥ်ကို ပုဝါနီပြောက်ကျားပွိုင့်မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု အချိန် ၁၅ မိနစ်ခန့်ကြာမြင့်ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရသွားကြောင်း မြေပြင်အတည်ပြုချက်ရရှိထားသည်ဟု ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် ကွမ်းအုံကျေးရွာတွင်ရှိနေသော စစ်ကောင်စီတပ်က (၄၀) မမဖြင့် ပြန်လည် ပစ်ခတ်သည့်အပြင် ယနေ့ည ၇ နာရီခွဲတွင်လည်း ရွှေကဇောင်းကျေးရွာဘက်ရှိ စစ်ကောင်စီစစ်ကြောင်းမှ ပြောက်ကျားပွိုင့်များရှိသည်ဟု ယူဆသောနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။
ရေတာရှည်မြို့နယ်အတွင်း ပုဝါနီစစ်ကြောင်းမှ စစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ဇန်နဝါရီ ၁ ရက် ညပိုင်းကလည်း စစ်တောင်းတံတားတွင် အထိုင်ချထားသော စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူနှစ်ဦးရှိသည်ကို မြေပြင်အတည်ပြုနိုင်ခဲ့ကြောင်း ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။