မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ်အဖြစ် စုဆောင်း ဖမ်းဆီးထားသော အမျိုးသား ၄၀ ကျော်ကို မိသားစုနှင့်တွေ့ခွင့် မပေးတော့ဘဲ စစ်တပ်က စစ်ကားများဖြင့် နေရာပြောင်းရွှေ့သွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးထားသော အမျိုးသား ၄၀ ကျော် ထားရှိသည့် ရွှေဘုံသာဘောလုံးကွင်းမှ စစ်ကား အကြီး ၃ စီး၊ အသေး ၄ စီးဖြင့် ခေါ်ထုတ်သွားကြောင်း၊ မိသားစုဝင်များက ဖမ်းဆီးထားသူများကို တွေ့ခွင့်ပေးရန် တောင်းဆိုသည့်အတွက် နေရာပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရေနံချောင်းမြို့မှာ စစ်ခွေးတွေ ပေါ်တာဆွဲထားတဲ့သူတွေကို ဒီနေ့ ၁၂ နာရီလောက်မှာ ရွှေဘုံသာ ဘောလုံးကွင်းကနေ ခေါ်ထုတ်သွားပါပြီ။ တွေ့ခွင့်ပေးဖို့ သွားတောင်းဆိုတဲ့ မိသားစုတွေတော့ ငိုပြီး ကျန်နေခဲ့ကြတယ်။ စစ်ကား အကြီး ၃ စီး၊ အသေး ၄ စီးနဲ့ ခေါ် ထုတ်သွားတာ လူ ၄၀ ကျော်လောက်ပါမယ်ထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ရေနံချောင်းမြို့တွင် အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၅ ရက်နေ့က စတင်ကာ တွင်းကုန်းရပ်ကွက်နှင့် သူဌေးကုန်း ရပ်ကွက် အကြား ပင်းဘုရားလမ်းဆုံတွင် စစ်ဆေးရေးဂိတ်ချကာ ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။