ရွာအနီးမှာ စစ်ကောင်စီကားမိုင်းဆွဲခံရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရေဖြူမြို့နယ်၊ ကျောက်ကညာရွာခံတွေ ဆက်တိုက်အဖမ်းခံနေရတာ တစ်ပတ်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရွာခံတပ်ရင်း စစ်ကောင်စီအမြောက်တပ် အမတ (၃၀၄)က ရွာထဲက ဒေသခံအများအပြားကို အခုလ ၂၄ ရက်ကစလို့ ဖမ်းဆီးနေခဲ့တာပါ။
မနေ့ကလည်း ကျောက်ကညာရွာခံ အနည်းဆုံး ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“တစ်ရွာတည်းကို မွှေနေတာပါ။ အခုက ရွာထဲမှာတောင် မနေရဲကြတော့ဘူး။ ရှောင်နေကြတဲ့သူတွေကလည်း ပြန်လာလို့မရဲဘူး” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလ ၂၄ ရက်နေ့ကစပြီး ဒီနေ့ အထိ ဖမ်းဆီးခဲ့တဲ့ ရွာခံ ၃၅ ဦးခန့် ရှိပြီး တချို့ပြန်လွတ်လာပေမဲ့ ဖမ်းဆီးခံနေရဆဲရွာခံက ၁၅ ဦးလောက် ကျန်နေတယ်လို့ သိရပါတယ်။
အခုတစ်ပတ်အတွင်း ဖမ်းဆီးခံရသူတွေထဲက တစ်ဝက်လောက်က အမျိုးသမီးတွေဖြစ်သလို အသက်မပြည့်သေးတဲ့ သူတွေကိုလည်း ဖခင်ကိုမတွေ့လို့ ဖမ်းဆီးသွားတာမျိုးရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မူလကဖမ်းဆီးမခံရပေမဲ့ မိသားစုဝင်ကို ဖမ်းဆီးထားတာကြောင့် လူချင်းလဲလှယ်ဖို့ သွားရောက် အဖမ်းခံခဲ့တဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ကျောက်ကညာရွာထဲက စျေးဆိုင်တချို့ကို စစ်ကောင်စီတပ်က စျေးရောင်းခွင့်ပိတ်ခိုင်းထားတယ်လို့လည်း သိရပါတယ်။