တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ် ၊ကလိန်အောင်မြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ်နိုင်မင်းအောင်အပါအဝင် စစ်ကောင်စီလက်အောကိခံရဲတပ်ဖွဲ့ဝင် သုံးဦးသည် ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) နံနက်ကပစ်ခတ်ခံရပြီးသေဆုံးသွားသည်။
ဒုရဲအုပ် နိုင်မင်းအောင်နှင့် ရဲတပ်ဖွဲ့ဝင်အချို့လိုက်ပါလာသည့်ကားသည် မလွှဲတောင် စစ်ဆေးရေးဂိတ်မှ ပြန်လာစဉ် မိုင် ၆၀ ရွာ အနီး၌ လက်နက်ကိုင်အဖွဲ့တဖွဲ့က စောင့်ကြိုပစ်ခတ်ခြင်းဟု မြို့ခံများကပြောသည်။
“လာတာက နယ်ထိန်းကကားတစ်စီး၊ စခန်းမှူးကတစ်စီး။ ရှေ့က နယ်ထိန်းကားကို စပစ်တော့ စခန်းမှူးက ကားကို ဘက်ဂီယာထိုးပြီး လှည့်ပြေးတာ။ ကူတိုက်ဖို့မပြောနဲ့ အလောင်းတောင်လာမကောက်လို့ မိသားစုဝင်တွေက လာသယ်သွားတာ” ဟုဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူများမှာ ဒုရဲအုပ် နိုင်မင်းအောင်၊ ရဲတပ်ကြမ်းနန်းဝင်းနှင့် ရဲတပ်သားတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။ ပစ်ခတ်မှုသည် နံနက် ၈နာရီခန့်ကဖြစ်ပွားခဲ့ပြီး နေ့ခင်း ၂ နာရီခန့်တွင်မှ လူမှုကူညီရေးအဖွဲ့အကူအညီဖြင့် မိသားစုဝင်များက အလောင်းလာရောက်သယ်ဆောင်သွားသည်ဟု ဒေသခံများကပြောသည်။
အဆိုပါ ပစ်ခတ်မှုအား မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရသေးပေ။ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။