ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ဒေသခံတွေထဲက သားအမိနှစ်ဦး တစ်ရက်ကျော်ကြာတဲ့အထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်ဟာ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ်ပိုင်းမှာ ရေဖြူမြို့နယ် အနောက်ဖက်ကမ်းက သပြေဇွန်းရွာနဲ့ မင်းဒပ်ရွာတွေထဲကိုဝင်လာပြီး ဒေသခံ အမျိုးသမီး၊ အမျိုးသား ၂၀ ကျော်လောက်ကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် ဖမ်းဆီးထားတဲ့သူတွေကို သူတို့တပ်စွဲထားတဲ့ ရေဖြူအနောက်ဖက်ကမ်းက ရပ်တော်မူဘုရားအနီးကိုခေါ်ဆောင်သွားပြီး ညပိုင်းမှာတော့အားလုံးနီးပါးကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံကဆိုပါတယ်။
အဲဒီထဲမှာ မင်းဒပ်ရွာက အသက် ၃၀ ကျော်အရွယ်အမျိုးသမီးနဲ့ သူရဲ့၃ နှစ်ဝန်းကျင်အရွယ်ကလေးငယ်တို့ကိုတော့ မနေ့ကညပိုင်းအထိ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။
“သူတို့စခန်းနားက တိုက်အိမ်တဆောင်မှာ ဖမ်းထားတယ်လို့ပဲသိရတယ်။ ကလေးရောလူကြီးရောကိုဖမ်းထားတာ” လို့ ရေဖြူအနောက်ဖက်ကမ်းမှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။
သူတို့ကို ဘာကြောင့်ပြန်မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးထားတယ်ဆိုတာကိုလည်း မသိရဘူးလို့ ဒေသခံက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေကိုဖမ်းဆီးထားချိန်မှာတော့ ဖုန်းတွေကိုစစ်ဆေးတာနဲ့ PDF တွေနဲ့ပတ်သက်ပြီးမေးမြန်းတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့တဆင့်ခံ ပြောပြချက်အရသိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေထဲကိုစစ်ကြောင်းထိုးပြီး ဒေသခံတွေကိုဖမ်းဆီးစစ်ဆေးတာတွေကို ရေဖြူမြို့နယ်အပြင် တနင်္သာရီတိုင်းထဲကမြို့နယ်တွေမှာ မကြာခဏလုပ်ဆောင်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဖမ်းဆီးခဲ့တဲ့ ဒေသခံနှစ်ရာနီးပါးရှိခဲ့ပြီး အားလုံးနီးပါးကတော့ ပြန်လွတ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ တနှစ်အတွင်းမှာလည်း တနင်္သာရီတိုင်းက ဖမ်းဆီးခံရတဲ့ ပြည်သူတစ်ထောင့်ငါးရာဝန်းကျင်အထိ ရှိခဲ့ပါတယ်။