ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုက လူသားဒိုင်းအဖြစ်ဖမ်းဆီးခံထားရတဲ့ဒေသခံအများစု မနေ့ကညနေပိုင်းမှာပြန်လွတ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလ ၂၇ ရက်နေ့ကစလို့ စစ်ကောင်စီစစ်ကြောင်းထိုးသွားလာခဲ့တဲ့ ခေါင်ပြန်ရွာ၊ ဒိုက်တကော်ရွာ၊ ခရင်းချောင်းရွာ၊ ထွက်ဝရွာနဲ့ ဘဝါရွာတွေ ဒေသခံ အမျိုသား၊ အမျိုးသမီး ၄၀ နီးပါးလောက်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့တာပါ။
ဖမ်းဆီးခေါ်ဆောင်ပြီး ၄ ရက်မြောက်အကြာ မနေ့ကညနေပိုင်းမှာတော့ အများစုကိုပြန်လွှတ်ပေးလိုက်တာလို့သိရပါတယ်။
“မနေ့ကညနေပိုင်းမှာ မိသားစုတွေနဲ့အဆက်အသွယ်ပြန်ရကြတာပါ။ သူတို့နဘုလယ်က ဘုန်းကြီးကျောင်းကို ရောက်နေကြောင်းဖုန်းဆက်လာတာ” လို့ပြန်လွတ်လာသူနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ သူတို့ရွာတွေကို ပြန်ရောက်လာကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ သူတို့ကိုဖမ်းဆီးသွားချိန်ရိုက်နှက်တာတွေမရှိပေမယ့် ယူနီဖောင်းတွေဝတ်ဆင်ခိုင်းတာနဲ့ လက်နက်သယ်ဆောင်ခိုင်းတာမျိုးကိုတော့ပြုလုပ်ခဲ့တယ်လို့ ပြန်လွတ်လာသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသခံတွေက ပြောပါတယ်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူတွေထဲက ခေါင်ပြန်ရွာက အမျိုးသား ၂ ဦးကတော့လွတ်မြောက်လာတာမရှိသေးဘဲ စစ်ကောင်စီကဆက်လက်ဖမ်းဆီးထားတယ်လို့စိရပါတယ်။
ဒါ့အပြင် နဘုလယ်ဒေသ၊ လဲရှောင်ရွာကိုဝင်ရောက်ချိန်ကလည်း ဒေသခံ ၄ ဦးခန့်ကိုထပ်မံဖမ်းဆီးသွားတယ်လို့သိရပါတယ်။
မနေ့ကညနေပိုင်း ဖမ်းဆီးခေါ်ဆောင်လာသူအများစုကိုလွှတ်ပေးပြီးနောက်မှာတော့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ဟာ ရေနက်ဆိပ်ကမ်းမှာအခြေစိုက်တဲ့တပ်စခန်းကိုသွားရောက်ခဲ့တယ်လို့သိရပြီး စစ်ကောင်စီတပ်သားတချို့ကလည်း သင်္ဘောနဲ့ထွက်ခွာသွားတယ်လို့သိရပါတယ်။
ရေဖြူဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက “သူတို့လက်ရှိဘယ်မှာရှိနေသေးတယ်ဆိုတာကိုတော့ ပြောရခက်တယ်။ အရင်ကနဲ့မတူတော့ဘူး ပုန်းပြီးကျန်နေတာမျိုးတွေအရမ်းလုပ်လာတယ်” လို့ပြောပါတယ်။
နဘုလယ်ဒေသကတော့ အခုလဒုတိယပတ်ကစလို့ နှစ်ဖက်တိုက်ပွဲတွေနဲ့ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး လက်ရှိအချိန်မှာ စစ်ရေးတင်းမာနေပါတယ်။