တနင်္သာရီ တိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့ဘက်ကနေ ကလိန်အောင်မြို့ဘက်သို့ မောင်းနှင်လာပြီးစစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ခန့်ပါလာသည့် ယာဥ်တန်းကို ယနေ့ ၂၃ ရက်နေ့မနက် အစောပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ သည့်အတွက် ကားတစ်စီး ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံး ဒဏ်ရာရရှိသူ များစွာ ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဇွန်လ ၂၃ ရက် နံနက် ၄ နာရီခန့်အချိန်က ကျောက်ကား လေးစီး အကြား တွင် ကားငယ်များ ကြားညှပ် မောင်းနှင်လာသည့် စစ်ကောင်စီယာဥ်တန်းသည် ဟိန်းဇဲရွာ ရေပူစမ်း အရောက်တွင် စတင် မိုင်းဆွဲတိုက်ခိုက် ခံရကာ ရေပုံးရွာ ရောက်သည့် အထိ မိုင်း သုံးကြိမ် ဆက်တိုက် ဆွဲခံရကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကျောက်တင်ကား တစ်စီး ထိခိုက်ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်သားများက ဟိန်းဇဲရွာမှ ရေပုံးရွာရောက်သည် အထိ လမ်းတလျောက်လုံးကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“မိုင်း အစဆွဲခံရတာက ဟိန်းဇဲ ရွာအနီး ရေပူစမ်းနားမှာပါ။ ထိချက်က ကောင်းတော့ စစ်သားတွေတင်လာတဲ့ ကျောက်တင်ကားအနီတစ်စီး ပျက်စီးသွားတယ်။ ပျက်စီးသွားတဲ့ ကားကို အဲနားမှာပဲ့ ထားခဲ့တဘ်” ဟု ဟိန်းဇဲရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများကို လမ်းသွားလမ်းလာ အရပ်သားပြည်သူများ၏ ကားများပေါ်တင်ပြီး ထားဝယ်မြို့သို့ ထွက်ခွာသွားကြောင်း ၎င်းကဆိုသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်များက လုပ်ဆောင်ခဲ့ကြောင်း သိရပြီး စစ်ရေးသတင်းအချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပါ။
ဇွန်လ ၂၁ ရက် နေ့ကလည်း ကလိန်အောင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့ကလည်း ကလိန်အောင်မြို့ အခြေစိုက် ခမရ (၄၀၈) ခြေလျင်တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး ဒဏ်ရာရသည့် ဖြစ်စဥ်များ ဖြစ်ပွားခဲ့သည်။