စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား ကင်းထောက်နေသည့် ရပ်ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံတစ်ဦး စစ်အုပ်စုပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ကာ ကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (သြဂုတ် ၂၈ ရက်) နံနက်ပိုင်းက ဒီပဲယင်းမြို့မှလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ရေဦးမြို့နယ်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာခဲ့သည်။
အဆိုပါစစ်ကြောင်းအား ရေဦးနယ်အခြေစိုက် ရပ်ကျေး(ပလဖ) တာဝန်ခံတစ်ဦးဖြစ်သူ (၃၁)နှစ်အရွယ် ကိုနေမျိုးအောင်က လိုက်လံကင်းထောက်ရင်း စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ကာ ကျဆုံးသွားခဲ့ရကြောင်း ရေဦးမြို့နယ်အခြေပြုPeople’s Defense Comradeမှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
“စစ်ကြောင်းကို ကင်းထောက်ရင်း သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးကျည်စထိမှန်သွားတာ။ သူကရပ်ကျေး ဖွဲ့စည်းထားတဲ့ ပလဖတာဝန်ခံပါ။”ဟု ကိုထူးခန့်ဇော်က ပြောသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်သည် ရေဦးမြို့အနီးရှိ ထန်းတောကျေးရွာ ဝင်ရောက်နေပြီး မကြာမီ ရေဦးမြို့ပေါ်သို့ ရောက်ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(သြဂုတ်၂၇ ရက်) ကလည်း စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်ကာ စစ်ကြောင်းထိုးခဲ့၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။