စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း People’s Defense Comradeအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
ယနေ့(သြဂုတ် ၂၇ ရက်)တွင် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ရေဦးနယ်မြေခံ (ပကဖ)နှင့်PDFတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ လေးဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comradeအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
အဆိုပါ စစ်ကြောင်းကြောင့် ငြုတ္တုံ၊ မုတ်စီ၊ ကုန်းကြီး ၊ကုန်းတန်း၊ နှောကုန်း၊ ရွာမိဿာ၊ ဇဝ၊ကုန်းသာ ရွာသစ်၊ ချမ်းသာ၊ ဇီးကုန်း၊ ကျီကုန်း၊ ခြုံရွာ ၊ပေါက်တောနှင့် မစိုးရိမ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူ တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
“မနက်က ရေဦးကနေ ခလရ(၇၁)စစ်ကြောင်း ရေဦးအနောက်ခြမ်းရွာတွေဘက်ကို လက်နက်ကြီးတွေ တရစပ်ပစ်ခတ်ပြီး ထွက်လာတယ်။ ဒီနေ့မနက် တိမ်းရှောင်နေကြရတဲ့ရွာတွေက ထွက်ပြေးနေကြရတယ်။ ပုံမှန်တိမ်းရှောင်ကြရတဲ့ ရွာတွေပါပဲ။”ဟု People’s Defense Comradeအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူများထိခိုက်မှုအခြေအနေ လက်တလောမသိရသေးကြောင်း ဒေသခံများက ပြောသည်။
အဆိုပါစစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် ရေဦးအနောက်ခြမ်းမှ ဒီပဲယင်းမြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။
ရေဦးမြို့နယ်တွင် အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာပေါင်း ၅၁ ရွာမှ နေအိမ်ပေါင်း ၃,၄၂၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိတွင် ပြည်သူနှစ်သောင်းကျော် နေထိုင်စားသောက်ရေး အကူအညီများလိုအပ်နေသည်။