စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ပြီး တော်လှန်ရေး တပ်ဖွဲ့များ ဝိုင်းဝန်း ပိတ်ဆို့ထားသောကြောင့် လေကြောင်း ပစ်ကူဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ရေဦးနှင့် တန့်ဆည် အစပ်ရှိ ရွာသာယာကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရွှေဘိုခရိုင်တပ်ရင်းများနှင့် တန့်ဆည် လက်နက်ကြီးအဖွဲ့များ ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ပြီး စစ်ကြောင်းကို ဝိုင်းဝန်း ပိတ်ဆို့ထားသောကြောင့် လေကြောင်းပစ်ကူဖြင့် ဖောက်ထွက်ကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသာယာရွာကို ဝင်ရောက်ပြီး ညအိပ်တပ်စွဲကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသပြီးနောက် ပြန်လည် ဆုတ်ခွာလာကာ ယနေ့ နံနက်ပိုင်းတွင် တူမောင်းရွာနှင် ဖန်းခါးဇင်ရွာ အကြား ခံနံ့သာ တောကျောင်းထဲ ရောက်ရှိနေကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပြန်လည် ဆုတ်ခွာလာသောကြောင့် လက်ရှိချိန်တွင် ရေဦးနှင့် တန့်ဆည် နယ်စပ်ရှိ တူမောင်း၊ ရွာသာယာ၊ ရတနာ၊ ပန်းကုံး၊ ဆပ်သေ၊ အင်တော၊ ပုဏ္ဏကား၊ လှည်းသွင်း၊ ချောင်းရိုး၊ ဖန်းခါးဇင်၊ ကုန်းရိုး၊ စိမ်းစား၊ ဂွေးမှော်ကုန်းနှင့် ကံကြီးကုန်း ကျေးရွာတို့မှ ပြည်သူ ၅၀၀၀ ကျော်ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” စစ်ခွေး စစ်ကြောင်း တိုက်ခိုက်ခံရပြီး မနေ့က ရွာသာယာမှာ ညအိပ်တပ်စွဲခဲ့တယ်။ ထိခိုက် ဒဏ်ရာရတဲ့ ခွေးတွေလည်း ဆေးကုခဲ့တယ်လို့သိရတယ်။ အခု နံနက် ရေဦးနယ် တူမောင်းရွာကို နောက်ကြောင်း ပြန်လှည့်လာတယ်။ ပျောက်ကြားစနစ်လောက်ပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ပြင်းပြင်းထန်ထန်တိုက်ပွဲ မဟုတ်ပါဘူး။ စစ်ခွေးတွေ ထိခိုက်မှုရှိပေမယ့် အတိအကျ မသိရသေးဘူး။ မနေ့က ကိုယ့်ဘက်က ရဲဘော်တွေက ဝင်လမ်း ထွက်လမ်းအကုန်ပိတ်ဆို့ပြီး ပျောက်ကြားစနစ် ဖော်ဆောင်လိုက်တာကြောင့် လေကြောင်းပစ်ကူတောင်းခဲ့တဲ့သဘောပါပဲ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။