စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသော လူငယ် ၁၃ ဦး ထပ်မံထွက်ပြေးလွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ယနေ့ (မေလ ၂၉ ရက်) နံနက် ၂နာရီခွဲခန့်က ရေဦးမြို့ အထကကျောင်း၌ စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသော လူငယ်များအနက် လူငယ် ၁၃ဦးသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအလစ်အငိုက်တွင် ထွက်ပြေးလွတ်မြောက်လာ၍ သွားရောက်ခေါ်ယူပေးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း၏ တပ်ရင်းမှူး ကိုသစ်ပင်က ပြောသည်။
” ထွက်လာပြီးတဲ့နောက်မှာ သူတို့ကိုစစ်ဆေးမေးမြန်းစရာရှိတာမေးမြန်းပြီးတော့လွတ်မြောက် နယ်မြေမှာရှိတဲ့ သူတို့နဲ့ဆွေမျိုးသားချင်းတွေဆီ အရောက်အပ်နှံပြီးပါပြီ။”ဟု ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း၏ တပ်ရင်းမှူး ကိုသစ်ပင်က ပြောသည်။
ရေဦးအထက ကျောင်အတွင်း၌ ဖမ်းဆီးခံထားရသူ လူငယ် ရှစ်ဦး ကျန်ရှိနေကြောင်း သိရသည်။
ရေဦးမြို့ အထကကျောင်း၌ စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသော လူငယ်များထွက်ပြေးလွတ်မြောက်လာမှုမှာ ယခုအကြိမ်သည် သုံးကြိမ်မြောက်ဖြစ်သည်။
မေလ ၁၄ ရက်ကလည်း အဆိုပါကျောင်းကို ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း၊ရေဦး PDFမှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ချိန် ရှစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့သည်။ မေလ ၉ ရက်နှင့် ၁၀ ရက်ကလည်း ဖမ်းဆီးခံထားရသည့် အမျိုးသားများအနက် ၁၁ဦးထွက်ပြေးလွတ်မြောက်လာခဲ့သည်။
ရေဦးမြို့နယ်၌ စစ်မှုမထမ်းမနေရဥပဒေထွက်ပေါ်ပြီးနောက်ပိုင်း အတင်းအဓမ္မစစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူ ၅၀ထက်မနည်းရှိကြောင်း ရေဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရောင်နီက ပြောသည်။
စစ်ကောင်စီတပ်သည် မတ်လအတွင်းက စစ်မှုထမ်းရန် ပထမအသုတ်အား ရွေးချယ်၍ စစ်သင်တန်းစပေးခဲ့ပြီး ယခုအခါ အနယ်နယ်အရပ်ရပ်၌ ဒုတိယအသုတ်အတွက် စစ်မှုထမ်းဆင့်ခေါ်စာများ ပေးပို့နေကြောင်း သတင်းရရှိသည်။