စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ပြောဆိုသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် တန့်ဆည်မြို့နယ်ဘက်ကို စစ်ကူရန် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ဖိန်းကား၊ ရွာသစ်၊ အုန်းနှဲပေါင်း၊ ဗိုလ်ရုံ၊ ပန်းကုံး၊ ဆပ်သေ၊ အင်တောနှင့် ဇီးကန် စသည် ကျေးရွာများမှ ပြည်သူ ၅၀၀၀ ကျော်သည် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
” ဒီနေ့ မွန်းလွဲပိုင်းမှာ ရေဦးကနေ တန့်ဆည်ကို စစ်ကူပေးဖို့ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းက ရေဦးနယ်မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ကျေးရွာ ၈ ရွာကျော်က ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်။ မုတ်စီနဲ့ မူးဆုံမှာ အထိုင်ချ တပ်စွဲခဲ့တဲ့ စစ်ခွေးတွေလည်း မနက်ပိုင်းက ရေဦးကနေ ကား ၄ စီးနဲ့ လာခေါ်သွားပြီး အခုထွက်လာတဲ့ စစ်ကြောင်းနောက်ကို ထပ်ဖြည့်ပေါင်းထားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ညပိုင်းတွင် ရေဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ ဗိုလ်ရုံရွာနှင့် ဖိန်းကားရွာ အနီးဝန်းကျင်၌ တပ်ဖြန့်ကာ အထိုင်ချ တပ်စွဲနိုင်ကြောင်း သိရသည်။