စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ စစ်ဘေးရှောင် ပြည်သူများ စောင်နှင့် အနွေးထည်များ အရေးပေါ် လိုအပ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပုံမှန် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာ ၂၀ ကျော်မှ စစ်ဘေးရှောင် ပြည်သူများသည် လက်ရှိချိန်တွင် ကျေးရွာများအတွင်း ပြန်လည် ဝင်ရောက် နေထိုင်နေသော်လည်း စောင်နှင့် အနွေးထည်များ မရှိသောကြောင့် အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။
ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပုံမှန် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာများမှာ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ရွာမိဿာ၊ ဇဝ၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ ထန်းပင်ကုန်း၊ မုတ်စီ၊ ကံပေါက်၊ ပန်းကုံး၊ ဗိုလ်ရုံ၊ ဖိန်းကား၊ ဝက်ဖိုး၊ မြင်းပေါက်၊ မစိုးရိမ်၊ ခြုံရွာ၊ ကျီကုန်းနှင့် ဇီးကုန်းရွာတို့ ဖြစ်ကြောင်း သိရှိရသည်။
” ရေဦးမှာ ပုံမှန် တိမ်းရှောင်ကြရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ခြုံစောင် အထည် ၂၀၀ လောက်ရယ် အနွေးထည် ၃၀၀ လောက် အရေးပေါ် အကူအညီ လိုအပ်နေတယ်။ လက်ရှိက စစ်ကြောင်းကတော့ ငြိမ်နေပေမယ့် မီးဘေးသင့်ထားတဲ့ ပြည်သူတွေအနေနဲ့ အသစ်ဝယ်ဖို့လည်း မတတ်နိုင်တာရော မီးထဲအကုန်ပါထားကြတော့ အခုဆောင်းဝင်လာတော့ ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေကအစ ဘာမှမရှိကြဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
စစ်ဘေးရှောင် ပြည်သူများကို ဆက်သွယ် လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး NGO အဖွဲ့ Telegram https://t.me/mothersson122021 ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။