စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရေဦးမြို့မှ အင်အား ၇၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နယ် အနောက်ခြမ်းရှိ မုတ်စီရွာနှင့် မူးဆုံ ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ငြတ္တုံ ၊ မုတ်စီ ၊ ကုန်းကြီး ၊ ကုန်းတန်း ၊ နှောကုန်း ၊ ရွာမိဿာ ၊ မူးဆုံ ၊ အောင်သာ ၊ မစိုးရိမ်နှင့် ပျော်ဘွယ် စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။
“ကန့်ဘလူနယ် ကာဘိုးကနေထွက်လာပြီး ရေဦးကိုပြန်ဝင်လာတဲ့ကောင်တွေပဲ ဒီနေ့မနက် ၆နာရီခွဲလောက် ရေဦးကနေ အနောက်ဘက်ခြမ်းကို စထွက်လာတယ်။ မုတ်စီရွာဘုန်းကြီးကျောင်းကို အရင်ဝင်တယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း အနီးဝန်းကျင်ရွာတွေဘက်ကိုထုနေတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မည်သည့် နေရာ၌ အထိုင်ချ တပ်စွဲမည်ကို အတည်မပြုနိုင်သေးဘဲ မည်သည့် နေရာကို ဆက်လက် စစ်ကြောင်းထိုးမည်ကို စောင့်ကြည့်နေကြောင်း သိရသည်။