စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချောင်းရိုးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မတ်လ ၂၂ ရက်နေ့ တန့်ဆည်မြို့မှ ထွက်လာသော ခမရ ၃၆၁ စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်း အင်အား ၁၂ဝ ခန့်ပါ စစ်ကြောင်းက ရေဦးမြို့နယ်၊ ချောင်းရိုးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် တော်လှန်ရေး ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF မှ ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံမှု ရှိနိုင်သော်လည်း အရေအတွက်ကို ဆက် လက် စုံစမ်းလျက်ရှိကြောင်း သိရသည်။
“တန့်ဆည်ကနေ ရေဦးဘက်ကို ထွက်လာတဲ့ စစ်ကြောင်း ဟုတ်ပါတယ်။ အဲစစ်ကြောင်းက ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်း အင်အား ၁၂၀ ခန့်ပါတဲ့ စစ်ကြောင်းပါ။ အဲစစ်ကြောင်းက တန့်ဆည်နဲ့ ရေဦး အစပ် ချောင်းရိုးရွာကို ရောက်တဲ့အခါမှာ ဒရုန်း ၃ စီးနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။ စစ်ကြောင်းဖြစ်တဲ့အတွက် ထောက်တာ ပြုတာ အဆင်မပြေတဲ့အတွက် စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ အဲစစ်ကြောင်းက တန့်ဆည်ရဲ့ မြောက်ဘက်မှာ ရှိတဲ့ ရွာတွေကို မီးရှို့ပြီးတော့ တန့်ဆည်မြို့ထဲကို ပြန်ဝင်လာတာ အဲစစ်ကြောင်း မနေ့က ချောင်းရိုးရွာကို မီးရှို့သွားတယ်လို့ သိရတယ်။ ကျွန်တော်တို့ အဲ စစ်ကြောင်းကို အခုထိ လိုက်လံ တိုက်ခိုက်နေတုန်းပါပဲ” ဟု ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် ချောင်းရိုးရွာကို မီးရှို့ဖျက်ဆီးကာ လက်ရှိချိန်ထိ ချောင်းရိုးရွာအတွင်း တပ်စွဲထားသောကြောင့် နေအိမ် မည်မျှ ပျက်စီးဆုံးရှုံးသည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။