စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စာသင်ကျောင်း တစ်ခုကို စစ်တိုက်လေယာဉ်နဲ့ ဒီကနေ့ မေလ ၉ ရက် မွန်းလွဲပိုင်းက ပေါင် ၅၀၀ ဗုံး ၅ လုံး ကြဲချ တိုက်ခိုက်သွားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရှောလူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရေဦးမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ တင်းတိန်ရံ-ထန်းတော ဗောဓိ စာသင်ကျောင်းကို ဒီကနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က ပြင်းအားမြင့် ပေါင် ၅၀၀ ဗုံးတွေကြဲချခဲ့တာ ဖြစ်တယ်လို့ ကိုရှောလူက ပြောပါတယ်။
“လာကြဲသွားတဲ့ အချိန်က နေ့လယ် ၂ နာရီလောက်မှာ ကြဲသွားတာ၊ ထန်းတော ဗောဓိ စာသင်ကျောင်းကိုပါ။ လက်ရှိမှာလည်း လေကြောင်းရန်က စိတ်မချရသေးတဲ့ အတွက် ထိခိုက်ပျက်စီးမှု အတိအကျကို ပြောနိုင်ဖို့ ခက်ပါတယ်။ ဗုံးကတော့ ပြင်းတဲ့ အတွက် ထိခိုက်မှုကတော့ ရှိနိုင်ပါတယ် ” လို့ သူကပြောပါတယ်။
စစ်ကောင်စီ ဗုံးကြဲတဲ့ အချိန်မှာ တိုက်ပွဲ ဖြစ်ပွားတာတွေ မရှိဘူးလို့ သူက ဆိုပြီး ထိခိုက်ပျက်စီးမှု အတိအကျကိုတော့ မသိရသေးပါဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း အတွင်းက စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်နေတဲ့ S&C အဖွဲ့ကတော့ ပေါင် ၅၀၀ ဗုံး ၅ လုံး လာကြဲသွားလို့ စာသင်ကျောင်း မီးလောင်ပျက်စီးကာ ဗုံးလာကြဲချိန်မှာ ကျောင်းဆင်းနေပြီ ဖြစ်လို့ ကလေးငယ်တွေ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိ ရေဦးမြို့နယ် အနောက်ခြမ်းမှာ ကင်းထောက် လေယာဉ်တွေ ပျံဝဲနေတာကြောင့် ပြည်သူတွေ လေကြောင်းရန် သတိထားကြဖို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။