စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံထားရသော အမျိုးသား ၉ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။
ဧပြီလ ၂၉ ရက်နေ့ ည ၉ နာရီခန့်တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံထားရသော ရေဦးမြို့ပေါ်ရှိ ရွှေပြည်သာ ရပ်ကွက်မှ ပြည်သူ ၅ ဦးနှင့် အောင်မင်္ဂလာ ရပ်ကွက်မှ ၄ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီး ခေါ်ဆောင်သွားသော ပြည်သူ ၉ ဦးကို လက်ရှိချိန်တွင် ရေဦးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော တိုင်းရင်းဆေးရုံအတွင်း ဖမ်းဆီးထားကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ကြားသိရသလောက်ကတော့ ရွှေပြည်သာရပ်ကွက်က ၅ ဦးနဲ့ အောင်မင်္ဂလာရပ်ကွက်က ၄ ဦး ပါသွားတယ်လို့သိရတယ်။ မနေ့က ည ၉ နာရီလောက်ကဝင်ဆွဲတာ ရပ်ကွက်အတွင်း နေအိမ်တွေထဲအထိ ဝင်ဖမ်းသွားတယ်လို့သိရတယ်။ အခုဖမ်းခေါ်သွားတဲ့ သူတွေဟာ စစ်မှုထမ်းဖို့ စာရင်းပါထားတဲ့ သူတွေလို့သိရတယ်။ အသက်အရွယ်ပိုင်းကတော့ မသိရသေးဘူး။ ညတိုင်း ရေဦး တိုင်းရင်းကနေ ကားတွေနဲ့ အမြဲကင်းပတ်နေကျပဲ ဧည့်စာရင်း စစ်တာမဟုတ်ဘဲ ဝင်ဖမ်းသွားတာပါပဲ တချို့ပြည်သူတွေလည်း စာရင်းပါထားတော့ မြို့ပေါ်မနေရဲကြတော့ပဲ မြို့ကိုစွန့်ခွာထွက်ပြေးကြတဲ့သူတွေလည်းရှိတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။