စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ကျေးရွာ ရှစ် ရွာ ကျော်က ဒေသခံ ငါးထောင်ကျော် ဒီနေ့မနက်ထိ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။
“ မနေ့က ရေဦးနယ် မြောက်ဘက်ခြမ်း ဖိန်းကားရွာနဲ့ ဗိုလ်ရုံရွာကို ဝင်လာတယ်။ ဒီနေ့မနက် ဗိုလ်ရုံရွာကနေ ရေဦး-တန်ဆည်ကား လမ်းမပေါ်က စစ်ကြောင်းထပ်ထိုးနေတယ် “ လို့ ရေဦး အခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်က ဆိုပါတယ်။
အဲဒီလို စစ်ကြောင်းထိုးနေတာကြောင့် ရေဦးနယ်မြောက်ခြမ်းက ရွာတွေနဲ့ ရေဦး-တန့်ဆည် မြို့နယ် အစပ်က ရွာတွေဖြစ်တဲ့ ဖိန်းကား၊ဗိုလ်ရုံ၊ အုန်းနှဲပေါင်း၊ ပန်းကုံး၊ ဆပ်သေ၊ အင်တော၊ ပုဏ္ဏား၊ လှည်းသွင်း၊ ဖန်းခါးဇင်၊ ချောင်းရိုး စတဲ့ကျေးရွာက ဒေသခံတွေ နှစ်ရက်ဆက်တိုက်စ စ်ဘေး ရှောင်နေရတာပါ။
တန့်ဆည်မြို့ပေါ်ကို စစ်ကူပေးဖို့လာတဲ့ အင်အား ၁၅၀ ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာနိုဝင်ဘာလ ၂၂ ရက်၊ နေ့လယ်မှာ ရေဦးမြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးဝင်လာပြီးနောက် ကျေးရွာတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။
တန့်ဆည်မြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းလေးခုဖြစ် တဲ့ ဆေးရုံကြီး ၊အထက (၁)ကျောင်း ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ဝန်းထမ်းအိမ်ယာတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မနေ့က မနက်ပိုင်းက တပြိုင်တည်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလို တန့်ဆည်မှာ စစ်ကောင်စီစခန်းတွေတိုက်ခိုက်ခံနေရတာကြောင့် အဲ့ဒီကို စစ်ကူပေးဖို့လာတဲ့ စစ်ကြောင်းက မနေ့က ရေဦးမြောက်ဘက်ခြမ်းမှာရှိတဲ့ဖိန်းကားရွာနဲ့ ဗိုလ်ရုံရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာပါ။
အဲ့ဒီ စစ်ကြောင်းဟာ မနေ့က ညပိုင်းမှာ ဗိုလ်ရုံရွာမှာ ညအိပ်တပ်စွဲခဲ့ကာ ဒီနေ့မနက်မှာ တော့ ရေဦး-တန့်ဆည်ကားလမ်းတလျှောက်ကို စစ်ကြောင်းထိုးနေပြီး လက်ရှိမှာတော့ ဆပ်သေရွာကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်နေတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရေဦး-တန့်ဆည် ကားလမ်းကို အသုံးမပြုဖို့ ပိတ်ထားတာကြောင့် ကုန်ကားတွေနဲ့ ခရီးသည်တင်ကားတွေပိတ်မိနေတယ်လို့သိရပါတယ်။