စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ မစိုးရိမ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် စီးနင်းပြီး PDF ရဲဘော် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးခန့်ကို သတ်ဖြတ်ကာ ပြည်သူ အများအပြားကို ဖမ်းဆီးသွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် အစပ်ရှိ မုတ်စီရွာကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မစိုးရိမ်ရွာကို ရုတ်တရက် ဝင်ရောက် စီးနင်းပြီး PDF ရဲဘော် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးခန့်ကို သတ်ဖြတ်ကာ ကျေးရွာနေ ပြည်သူ အများအပြားကို ဖမ်းဆီးသွားကြောင်း သိရသည်။
” ညက မုတ်စီရွာကို ရောက်နေတဲ့ စစ်ခွေးတွေကို ရေဦးမြို့ပေါ်ကနေ စစ်ကား ၄ စီးနဲ့ လာခေါ်တယ်။ အဲလို လာခေါ်တော့ စစ်ခွေး စစ်ကြောင်းတွေ ပါသွားတယ်ထင်ပြီး ပြည်သူတွေက အေးဆေးဖြစ်နေတဲ့အချိန် ရုတ်တရက်ကြီး စစ်ခွေးတွေက ရွာကို ဝင်စီးတော့ ထွက်မပြေးနိုင်လိုက်တာလည်းပါတယ်။ PDF ရဲဘော် ၂ ဦးနဲ့ ပြည်သူ ၃ ဦးခန့်ကို စစ်ခွေးတွေ သတ်ဖြတ်သွားတယ်လို့ သိထားရတယ်။ ပြည်သူအများအပြားလည်း ဖမ်းဆီးခံရတယ် အရေအတွက် အတည်မပြုနိုင်သေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများအပြားကို ဖမ်းဆီးထားပြီး ဒီပဲယင်းမြို့နယ်ရှိ ကံပြားရွာထဲ၌ ရောက်ရှိနေပြီး ရေဦး-ဒီပဲယင်း နယ်စပ်ရှိ မစိုးရိမ်ရွာ၊ ပျော်ဘွယ်ရွာ၊ အောင်ချမ်းသာရွာ၊ ပင်စီရွာ၊ ခြုံရွာ၊ ကျီကုန်းရွာနှင့် ဇီးကုန်းရွာတို့မှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။