မွန်ပြည်နယ်၊ရေးမြို့နယ်အခြေစိုက်၊ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ ပူးပေါင်းစစ်ဆင်ခဲ့ ကြရာ အကြမ်းဖက် စစ်သား ၄၀ ကျော် သေဆုံးခဲ့တယ်လို့ Ye Guerrilla Force -ရေးပြောက်ကျားတပ်ဖွဲ့မှ ဒီနေ့ရက်စွဲနဲ့ သတင်း ထုတ်ပြန် ထားပါတယ်။
အောက်တိုဘာ ၂၀ ရက် မနက် ၆ နာရီ မိနစ် ၅၀အချိန်ခန့်မှာ ရေးမြို့နယ်အခြေစိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုစစ်ဌာနချုပ် အမှတ်(၁၉)၊ ခြေလျင်တပ်ရင်း အမှတ်(၆၁)၊ အမြှောက်တပ် ၃၁၆ တပ်ရင်းတွေ အကြားမှာ ရှိတဲ့ ရေးတံ တား ကြီးစစ်ဆေးရေးဂိတ်ကို တော်လှန်ရေး မ ဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရန်သူ တပ်ဖွဲ့ဝင် ၄၀ ကျော်သေ ဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရှိ ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့ပြီး ထိတွေ့ ပစ်ခတ်မှု ၃ နာရီအချိန်ခန့် ကြာမြင့်ခဲ့ကာ၊တိုက်ပွဲ စတင်ဖြစ်ပွားနေစဥ်အတွင်း အကြမ်းဖက် စစ်တပ် ဘက်က အင်အား ၁၀၀ခန့်ရှိတဲ့ စစ်ကူကားတွေနဲ့ ချက်ချင်းအားဖြည့်လာတဲ့အတွက် ၄၅ မိနစ်ခန့် ချေမှုန်းတိုက်ခိုက်ခဲ့ တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ၃၁၆ အမြှောက်တပ် နဲ့ ၆၁ ခြေလျင်တပ်ရင်းဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တာ ၊ စက်သေနတ် ၃ လက်နဲ့ ပြန်လည်ခုခံတာ၊ စစ်ဆင်ရေး အချိန်သတ်မှတ်ချက်ကြောင့် ရန်သူစခန်းကုန်းနေရာကို မသိမ်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ပြောပါတယ်။
တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၁၂ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး၊ အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း၊မွန်ပြည် တော်လှန်ရေးတပ် (MSRF)၊ (ABSDF) တပ်ရင်း(၁) ၊ YGF – ရေးပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။