မွန်ပြည်နယ် ရေးမြို့နယ်၌ ယနေ့ (အောက်တိုဘာ ၂၀ရက်) ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက် ၁၀လက်နှင့် ကျည်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျန်ရစ်က ၎င်း၏ လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ အသိပေးထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်စဉ် အသေးစိတ်အခြေအနေကို ဖော်ပြမထားသော်လည်း ရေးမြို့နယ်၌ ယနေ့ တွင် နံနက် ၆နာရီမှ ၁၀နာရီအထိ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်ရရှိခဲ့သည့် လက်နက်များဟု ၎င်း ကအသိပေးသည်။
ရေးဒေသရှိ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့ မနက်တွင် စစ်ကောင်စီတပ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုသည်။
“တိုက်ပွဲဖြစ်တာက သေချာတယ်။ မနက်ကပေါ့။ တိုက်ပွဲအခြေအနေ အသေးစိတ်တော့မပြောနိုင်သေးဘူး။ ဖြစ်တာက ရေးမြို့ရဲ့ တံတားမှာလည်း ပြောကြတယ်။ တချို့ကည်း စစ်ကောင်စီရဲ့ ၆၁ တပ်ရင်းနားမှာလည်းပြောကြတယ်။ (၆၁) တပ်ရင်းက ရေးမြို့ရဲ့မြို့တွင်းမှာပဲရှိတာ။ တံတားကြီးသွားမယ့် လမ်းပေါ်မှာပဲရှိတယ်။ အာရှလမ်းမပေါ်မှာပဲ။ အဲဒီတပ်ရင်းနားမှာ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်။ တိုက်ပွဲအခြေအနေက ညနေလောက်မှသိရမယ်”ဟု ရေးမြို့စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါတိုက်ပွဲတွင် PDFပါဝင်သည်ကို သိရသော်လည်း KNU တပ်ပါမပါမသိရသေးကြောင်း ၎င်းက ဆိုသည်။
“PDFနဲ့ KNU ပေါင်းထားသလား ဒါမှမဟုတ် PDF သပ်သပ်လားတော့ မပြောတက်ဘူး။ တိုက်ပွဲဖြစ်တာတော့သေချာတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။
ရေးမြို့နယ်တွင် ရေးပြောက်ကျားတပ်မှ ဗိုလ်ကျန်ရစ်နှင့် ရေးဘီလူးအဖွဲ့က စစ်ရေးလှုပ်ရှားမှုများသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ဗိုလ်ကျန်ရစ်တင်ထားတာ(စကစထံမှသိမ်းရသည့် လက်နက်ခဲယမ်းပုံများ)ဆိုရင် ဗိုလ်ကျန်ရစ်ပဲဖြစ်မယ်။ ဒီနေ့ကတော့ စကစရဲ့ ၆၁ တပ်ရင်းနားက ဖြစ်တဲ့တိုက်ပွဲလို့ပြောလို့ရတာပေါ့။ တပ်ရင်းအနီးအနားချထားတဲ့ စခန်းတွေကို ဝင်တိုက်တာလား ဒါမှမဟုတ် လမ်းပေါ်မှာ ကြားဖြတ်တိုက်တာလားတော့ မသိဘူးပေါ့”ဟု သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗိုလ်ကျန်ရစ်ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။