မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး G-3 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Ye Guerilla Force – ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ရဲစခန်းမှ ရဲတပ်ကြပ် တစ်ဦးသည် ၎င်းကိုင်ဆောင်သော G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်အတောင့် ၁၀၀ နှင့်အတူ အလင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာရခြင်းမှာ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူများ ၏ အသက်အိုးအိမ်၊ စည်းစိမ်များကို မီးရှို့ဖျက်ဆီး၊ လုယက်၊ မတရားယူဆောင်ခြင်း၊ ခိုးယူခြင်း၊ အာဏာ ရှင်လူတစ်စုနှင့်အာဏာရှင်စနစ်အတွက် ကျွန်သဖွယ်လုပ်ကိုင်နေရခြင်းတို့ကို ရွံရှာမုန်းတီးလာသဖြင့် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အမှားအမှန်ခွဲခြား သိမြင်စွာ အချိန်မီဝင်ရောက်ခဲ့သဖြင့် Ye Guerilla Force – ရေး ပြောက် ကျားတပ်ဖွဲ့ထံမှ ဂုဏ်ယူဝမ်းမြောက်စွာ နွေးထွေးစွာကြိုဆိုခဲ့ပြီး အဆိုပါရဲတပ်ကြပ်သည် ရေးမြို့နယ်၌ ပထမဆုံးအကြိမ် ခိုလှုံဝင်ရောက်လာသည့် ရဲတစ်ဦးဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ Non CDM ဝန်ထမ်းများ၊ ပြည်သူ့စစ်များအနေဖြင့် အမှား အမှန်ခွဲခြားသိမြင်ကာ အလင်းဝင်ရောက်ကြရန်၊ ၎င်းတို့ကို နွေးထွေးစွာကြိုဆိုမည့်အပြင် ၎င်းတို့၏ လုံခြုံရေးကို အပြည့်အဝတာဝန်ယူပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။