မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပင်လယ်ကမ်းစပ်ရှိ နှစ်ကရင် ရဲစခန်းကို KNLA-PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း တောင်ပိုင်းတိုင်း၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဒုစစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၂၅ ရက် နေ့လည် ၁၁ နာရီ ၄၀ ခန့်မှာ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရှိ အကြမ်းဖက်စစ် တပ်လက်အောက်ခံ ရဲစခန်းကို KNLA တပ်ရင်း ၂၇ နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ နှစ်ဘက်ပစ်ခတ်မှု ၂ နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ဝင်များက ရဲစခန်းအနီး ချဉ်းကပ်ရောက်ရှိစဉ် အကြမ်းဖက်စစ်တပ်မှ Mi 35P ရဟတ်ယာဉ်ဖြင့် လာ ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“စခန်းက ရန်သူ့လှုပ်ရှားစစ်ကြောင်း ခဏနားနေတဲ့နေရာပါ။ သတင်းရလို့ ရန်သူတွေကို အလစ်အငိုက် ဝင် ရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ သူတို့ဘက်က အထိအခိုက်တော့ များနိုင်ပါတယ်။ စခန်းတွင်း အနီး ကပ်ခြေမှုန်းဖို့ လုပ်နေချိန်မှာပဲ Mi-35 P ရဟတ်ယာဉ်ရောက်လာပြီး အနီးနားပတ်ဝန်းကျင်ကို ဗုံးကျဲ တိုက်ခိုက်တာ၊ ပွိုင့် ၅ နဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပါတယ်” ဟု မြေပြင်မှ တပ် မှူးတစ်ဦးက ပြောကြားသည်။
အဆိုပါ နှစ်ကရင်ရဲစခန်း၌ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံရဲများ နေထိုင်ခြင်း မရှိသည်မှာ ကြာမြင့်ပြီဖြစ်ပြီး လက်ရှိတွင် အကြမ်းဖက်စစ်တပ် လှုပ်ရှားစစ်ကြောင်းမှ ဝင်ရောက်နားခိုနေထိုင်စဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သားများ သေဆုံး ဒဏ်ရာရမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမတစ်လျှောက်ကို KNLA တပ်ရင်း ၂၇ နှင့် PDF ပူးပေါင်းစစ်ကြောင်းမှ နယ်မြေစိုးမိုးမှုရယူကာ လမ်းပိုင်းလုံခြုံရေးစစ်ဆေးလျက်ရှိကြောင်း သိရသည်။