ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
အင်းလေး PDF စတင်တည်ထောင်ကတည်း ၀တ်လာတဲ့ ယူနီဖောင်းဟာ လက်ရှိမှာတော့ အပေါက်အပြဲတွေ၊ ဖာချုပ်ချုပ်ထားတဲ့ အရာတွေနဲ့ ပြည့်နေပြီလို့ အင်းလေး PDF ပြန်ကြားရေး တာ၀န်ရှိသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“အင်းလေး PDF စတင်တည်ထောင်တော့ ရဲဘော်တွေကို ယူနီဖောင်း တစ်ယောက်တစ်စုံပေးထားတယ်။ မိုးရွာရွာ၊ နေပူပူ ဒီတစ်ထည်ပဲ ရှိတာ။ အခုလည်း ပင်လောင်းနဲ့ ဖယ်ခုံတိုက်ပွဲတွေ မှာ တိုက်ခိုက်ရင်း ရှိတဲ့ ယူနီဖောင်းတစ်ထည်လည်း ထိမိခိုက်မိ စုတ်ပြဲနေပြီ။ ပြီးတော့ တိုက်ပွဲအတွင်းဆိုတော့ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာကိုပဲ အဓိကထားလုပ်ပေးဖြစ်နေတော့ အခု ရဲဘော်တွေကို ယူနီဖောင်း အသစ်လေးတွေ လုပ်ပေးချင်တယ်။ ပြည်သူတွေ ကူညီပေးကြဖို့ မေတ္တာရပ်လိုပါတယ်ရှင်”လို့ သူကပြောပါတယ်။
ရှေ့တန်းကပြန်လာတိုင်း ပြဲစုတ်သွားတဲ့ ယူနီဖောင်းတွေကို နောက်တန်းပြန်ရောက်တိုင်း ဖာထေး၀တ်ဆင်နေပေမဲ့ လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။
တပ်စတင်တည်ထောင်ကတည်းက ၀တ်ဆင်လာတဲ့ စစ်ယူနီဖောင်းတွေက ၂ နှစ်ခန့်ရှိလာပြီဖြစ်လို့ ရဲဘော်တွေကို ယူနီဖောင်းအသစ် ပေးနိုင်ဖို့ ပြည်သူတွေကူညီပေးကြဖို့ အင်းလေး PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေတ္တာရပ်ခံထားပါတယ်။
အင်းလေး PDF အနေနဲ့ ရှမ်း-ကရင်နီနယ်စပ်တိုက်ပွဲတွေမှာ ပါ၀င်တိုက်ခိုက်နေပေမဲ့ သတင်းမထုတ်ပြန်တာ လုံခြုံရေးနဲ့ ခြေရာကောက်လိုက်လာမှာ စိုးရိမ်လို့ မထုတ်ပြန်တာဖြစ်တယ်လို့ မနေ့က ပြည်သူတွေကို အသိပေးထားပါတယ်။