ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ထုတ်ပြန်သည်။
ရွာငံမြို့နယ် တောင်ဦးကျေးရွာအနီးတွင် ဟိုက်ဂျက်ယာဥ်ငါးစီးဖြင့် မောင်းနှင်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီယာဉ်တန်းအား မေလ ၂၅ရက် နံနက် ၄ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဟု ယနေ့(မေလ ၂၈ရက်) ထုတ်ပြန်ထားသည်။
ယာဥ်နှစ်စီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိကာ သေဆုံးမှုစာရင်းကို အတိကျမရရှိသေးကြောင်း DSNDA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
” ရတိုက်ခိုက်ခံရပြီး သူတို့(စစ်ကောင်စီ) အစစ်အဆေးကြမ်းနေတာ ဟုတ်တယ်။ ဒဏ်ရာရတွေကို တိုက်နယ်ဆေးရုံမှာ ထားထားတယ်လို့ သိရတယ်” ဟု ရွာငံမြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်ကလည်း ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာတွင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်မြို့မရဲစခန်းတို့မှ ဟိုက်ဂျက်ယာဥ် လေးစီးဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့သည်။
ဧပြီ ၂၁ ရက်ကလည်း ရွာငံမြို့နယ်မြင်းကျဒိုးနယ်မြေရဲကင်းစခန်းကို Ywangan PDF-JPRFနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်းအမှတ်(၅၁၅)တို့က တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ရဲဒုတပ်ကြပ်ကိုကိုဦးဆိုသူကို ဖမ်းမိကာ စခန်းမှလက်နက်ခဲယမ်းချို့ရရှိခဲ့ကြောင်း Ywangan PDF-JPRF အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။