ရှမ်းတောင်၊ ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြင်းကျဒိုးရွာနဲ့ ကျုံးရွာကြားမှာ စစ်ရေး လှုပ်ရှားမှုတွေ ရှိလာနိုင်လို့ အောင်တိုဘာလ ၅ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြည်သူတွေ အနေနဲ့ ညနေ ၅ နာရီ နောက်ပိုင်း အပြင်မထွက်ဖို့ မှော်ဘုရင်စစ်ကြောင်းက ဒီကနေ့ အရေးပေါ် ကြေညာလိုက်ပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနိုင်လို့ စစ်ကောင်စီနဲ့ အနီးကပ် မနေ့ဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့ မှော်ဘုရင် စစ်ကြောင်းက အသိပေးပါတယ်။
လက်ရှိအချိန် လယ်လုပ်ငန်းခွင်ကို ငဲ့ကွက်တဲ့ အနေနဲ့ ညနေ ၅ နာရီကနေ မနက် ၅ နာရီအတွင်း ပြည်သူတွေ အပြင်မထွက်ကြဖို့ တောင်းဆိုတယ်လို့ မှော်ဘုရင် စစ်ကြောင်း တာဝန်ခံက ပြောပါတယ်။
“အခုရက်ပိုင်းမှာ ဒီကောင်တွေ (စကစ) ကတော့ ထုံးစံအတိုင်း သူတို့ထင်ရာ နေရာတွေ စစ်ကြောင်း လျှောက်ထိုးပြီး နီးစပ်ရာ ပြည်သူတွေကို ခြိမ်းလား ခြောက်လား လိုက်လုပ်နေတာပေါ့” လို့ မှော်ဘုရင် စစ်ကြောင်း တာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က စစ်ကောင်စီတပ်ဟာ ရွာငံမြို့နယ်၊ ရေချမ်းကျေးရွာက အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၂ ဦးရဲ့ နေအိမ်တွေကို ဝင်ရောက် ရှာဖွေလုယက် ဖမ်းဆီးသွားတယ်လို့ သူကဆိုပါတယ်။
“ဒီလို ထင်တိုင်းကြဲနေတဲ့ အကြမ်းဖက် စကစနဲ့ နောက်လိုက် ပျူတွေကို ထိထိရောက်ရောက် ပညာပေးရမယ့် အချိန် ရောက်ပြီမလို့ ပြည်သူတွေကို ကျနော်တို့နဲ့ ပါဝင်ပူးပေါင်းပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ သူက တောင်းဆိုပါတယ်။
ဒါပေမယ့် ဘာကြောင့် အခုလို အရေးပေါ် ကြေညာချက် ထုတ်ပြန်တာလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာ မရှိပါဘူး။
ရွာငံမြို့နယ် အခြေစိုက် မှော်ဘုရင် စစ်ကြောင်း (YMBY) ဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက တခြား တော်လှန်ရေးတပ် နာမည် တစ်ခုနဲ့ စစ်ကောင်စီကို တော်လှန်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ မှော်ဘုရင် စစ်ကြောင်း အမည်နဲ့ ပြန်လည် လှုပ်ရှားလာတာ ဖြစ်ပါတယ်။