ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာ ၆ ရွာကနေ တစ်နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ အတွက် ရိက္ခာ၊ ဆေးဝါးနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ အကူအညီပေးသူ တစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်နေရတဲ့ အိမ်ထောင်စု ၃၇ စုမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ပါဝင်ပြီး စုစုပေါင်း ၁၂၁ ဦးဖြစ်တယ်လို့ သိရပါတယ်။
“ဘယ်သူ့နားမှလည်း အလှူမခံဖူးသေးဘူးပေါ့။ တစ်နှစ်ကျော်လာပြီ။ တဖြည်းဖြည်းလည်း အဆင်မပြေတော့ဘူး။ ကျွန်တော်က တတ်နိုင်သလောက် ကူညီပေးပေမယ့် မလောက်နေသေးလို့” လို့ အကူညီ ပေးနေသူက ရှင်းပြ ပြောပါတယ်။
ရွာငံမြို့နယ် ပဲရင်းတောင်၊ နွားဘန်းကြီး၊ မျက်ခါးအင်း၊ တောင်ဦးဘုရား၊ သဲဖို့ကျေးရွာတွေမှာ နေအိမ်မီးရှို့ ခံရမှုတွေနဲ့ နေအိမ်ချိပ်ပိတ်ခံရသူတွေ ရှိခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရကာ အခုလို အခက်အခဲတွေ တွေ့ကြုံနေရတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ ရွာငံမြို့နယ်က ကျေးရွာ တစ်ချို့ကို ဝင်ရောက် စစ်ဆေး ခြိမ်းခြောက် ပြောဆိုတာနဲ့ စိုက်ခင်း မသွားနိုင်အောင် ရွာပတ်လည် မိုင်းထောင်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။