ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ အမျိုးသမီး ၂ ဦးနဲ့ ၁၀ ရက်ကြာတဲ့အထိ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က စစ်ကောင်စီတပ်ဟာ ရွာငံမြို့နယ်၊ ရေချမ်းကျေးရွာက အသက် ၃၀ ၀န်းကျင် အမျိုးသမီး ၂ ဦးရဲ့ နေအိမ်တွေကို ဝင်ရောက် ရှာဖွေ လုယက်ပြီးနောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အဲဒီ အမျိုးသမီး ၂ ယောက်က သာမန်ပြည်သူပါပဲ။ PDF နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး ဖမ်းတယ်။ အိမ်ကို ဝင်ရောက် ရှာဖွေ မွှေနှောက်ပြီး ဘာတစ်ခုမှ မကျန်အောင် ပစ္စည်းတွေ ယူသွားကြတယ်။ အိမ်ကို မီးရှို့မယ် လုပ်တော့ အဲ့အိမ်က အမျိုးသားက အိမ်ကိုတော့ မီးမရှို့ပါနဲ့လို့ တောင်းပန်လို့ အိမ်တော့ မရှို့ဘူး” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ နေ့ကစပြီး ဒီနေ့ အောက်တိုဘာလ ၁၂ ရက်နေ့အထိ စစ်တပ်က မိသားစုနဲ့ ဆက်သွယ်ခွင့် မပေးလို့ အမျိုးသမီး ၂ ဦးရဲ့ အခြေအနေကို မသိရလို့ မိသားစုဝင်တွေ စိုးရိမ် ပူပန်နေတယ်လို့ သူကပြောပါတယ်။
လက်ရှိ ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေက ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးကာ သွားလာနေတဲ့ ပြည်သူတွေ၊ တောင်ယာသွားတဲ့ ပြည်သူတွေကို ခြိမ်းခြောက် နေတယ်လို့ ဒေသ ခြေစိုက် မှော်ဘုရင် စစ်ကြောင်း တာ၀န်ရှိသူက ပြောပါတယ်။
“ဒီကောင်တွေတွေက ကုလားမနိုင် ရခိုင်မဲ ဆိုသလို ပြည်သူတွေကို ခြိမ်းခြောက် ဖမ်းဆီးတာတွေ ပိုလုပ်လာ ကြတယ်။ လျှောက်ပတ်ပြီး ရမ်းနေတာ။ ဒီလို ထင်တိုင်းကြဲနေတဲ့ စကစနဲ့ နောက်လိုက် ပျူတွေကို ထိထိရောက်ရောက် ပညာပေးဖို့ စတင်နေပြီ ဖြစ်လို့ ရှေ့လျှောက် ကျွန်တော်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် တွေ့ရမှာပါ” လို့ သူက ပြောပါတယ်။
ရွာငံဒေသနေ ပြည်သူတွေ အနေနဲ့ ညနေ ၅ နာရီကနေ မနက် ၅ နာရီအတွင်း အပြင်မထွက်ဖို့ မှော်ဘုရင် စစ်ကြောင်းက မနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ အသိပေးထားပါတယ်။
ဒါ့အပြင် ရွာငံမြို့နယ်က ပြည်သူတွေ အနေနဲ့ စစ်ကောင်တပ်နဲ့ ပျူစောထီးတွေကို အထောက်အပံ့ပေးခြင်း၊ သတင်းပေးခြင်း မပြုလုပ်ဖို့နဲ့ ၎င်းတို့ အခြေစိုက်ရာ နေရာတွေကို တတ်နိုင်သမျှ အသွားအလာ မလုပ်ကြဖို့ ဓနု အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (၁၀၀၃) တပ်ရင်း၊ မှော်ဘုရင် စစ်ကြောင်းက ထုတ်ပြန် အသိပေးထားပါတယ်။