ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အင်တောကျေးရွာက စစ်တပ်ပိုင် မိုင်တဲ တာဝါတိုင်ကို ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ မှော်ဘုရင်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၁ ရက်၊ မနက် ၇ နာရီခွဲမှာ ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ (၁၀၀၃) တပ်ရင်း၊ မှော်ဘုရင်စစ်ကြောင်းနဲ့ ညီနောင်မဟာမိတ် Central Revolutionary Coalition တို့ ပူးပေါင်း ဖောက်ခွဲ ဖျက်ဆီးခဲ့တာလို့ မှော်ဘုရင်စစ်ကြောင်းက ပြောပါတယ်။
စစ်ကောင်စီဘက်က လုံခြုံရေးကို သေချာစီစဉ်ထားလို့ ဖောက်ခွဲတဲ့ နေရာမှာ အခက်အခဲ တချို့ရှိခဲ့ပြီး တာ၀ါတိုင်ရဲ့ အင်ဂျင်နဲ့ စက်ပုံးကိုသာ ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
“မိုင်တဲ တာဝါ ဖျက်ဆီးရတဲ့ အကြောင်းရင်းကတော့ စကစရဲ့ စီးပွားရေး ထောက်တိုင်ကို ဖြိုချင်တာရယ်၊ ပြီးတော့ အသံဖမ်းစက်တွေ ရှိနေတာရယ်ကြောင့်ပါ” လို့ မှော်ဘုရင်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
တာဝါတိုင် ဖောက်ခွဲပြီး နောက်နေ့မှာ စစ်ကောင်စီတပ် အင်အား ၅၀ ခန့်နဲ့ လာရောက် စစ်ဆေးရာ ဝေဟင်ကနေ ဂျက်လေယာဥ် တစ်စီး လုံခြုံရေး ယူပေးနေတာ တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။
ရွာငံမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနိုင်လို့ စစ်ကောင်စီနဲ့ အနီးကပ် မနေ့ဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့ မှော်ဘုရင် စစ်ကြောင်းက ဒီလဆန်းပိုင်းက အသိပေးထားပါတယ်။
ရွာငံမြို့နယ် အခြေစိုက် မှော်ဘုရင် စစ်ကြောင်း-YMBY ဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ကတည်းက တခြား တော်လှန်ရေးတပ် နာမည် တစ်ခုနဲ့ တော်လှန်နေတာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ မှော်ဘုရင် စစ်ကြောင်း အမည်နဲ့ ပြန်လည် လှုပ်ရှားလာတာ ဖြစ်ပါတယ်။