ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြင်းကျဒိုး ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်ဖမ်းမိကာ လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Ywangan PDF – JPRF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က ရွာငံမြို့နယ်၊ မြင်းကျဒိုးရဲစခန်းကို Ywangan PDF – JPRF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထက် မနည်း သေဆုံးပြီး ဒု-တပ်ကြပ် ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ထို့ပြင် AK-47 သေနတ် ၁ လက်၊ ရိုင်ဖယ် သေနတ် ၁ လက်နှင့် ကျည်ဆံ အတောင့် ၃၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ပြီး Ywangan PDF – JPRF မှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ရွာငံ-မန္တလေး အဝေးပြေး လမ်းပိုင်းမှာရှိတဲ့ မြင်းကျဒိုး ရဲစခန်းကို ဒီနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က ကျွန်တော်တို့ Ywangan PDF – JPRF က ဝင်ရောက် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၃ ဦးထက်မနည်း ရှင်းလင်းနိုင်ခဲ့တယ်။ ဒုတပ်ကြပ် ၁ ကောင်ကတော့ အရှင်ဖမ်းမိတယ်။ ကျွန်တော်တို့ဘက်က ရဲဘော် ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်” ဟု Ywangan PDF – JPRF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ကျုံးစစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်သားများက ခရီးသွား ပြည်သူများကို ကားပေါ်မှ အကုန် ဆင်းခိုင်းကာ ဖုန်းများကို စစ်ဆေး ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း သိရသည်။