ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ထွက် ၂ ယောက်ကို ပြန်လာဖမ်းပြီး ရှေ့တန်းပို့ဖို့ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာက ကဦးမျိုးတင့်နဲ့ ကိုအောင်လင်းဦးတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီ ၁၅ ယောက်က လာရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“ကျောက်ငှက်ရွာသားတွေပဲ ကိုအောင်လင်းဦးက အာဏာသိမ်းပြီးကတည်းက ထွက်ပြေးလာတာ။ ဦးမျိုးတင့်က ပင်စင်စား တပ်ကထွက်တာ အနှစ် ၂၀ ရှိပြီ” လို့ ရွာငံဒေသခံ တစ်ဦးက ပြောပါတယ်။
ဖမ်းခေါ်သွားခံရတဲ့ ကိုအောင်လင်းဦးဟာ အသက် ၂၀ ခန့်သာရှိသေးပြီး အာဏာမသိမ်းခင် လပိုင်းအလိုကမှ စစ်တပ်ထဲ ဝင်ခဲ့တာလို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက်မှာလည်း CDM လုပ်လိုတဲ့အတွက် သူ့ရဲ့ဇာတိဖြစ်တဲ့ ကျောက်ငှက်ရွာကို လာရောက်တိမ်းရှောင်ပြီး ပထမဆုံးအကြိမ် ဖမ်းခံရတာလို့သိရပါတယ်။ သူတာဝန်ကျခဲ့တဲ့ စစ်တပ်အမည်ကိုတော့ မသိခဲ့ရပါဘူး။
စစ်မှုထမ်းဟောင်းဖြစ်တဲ့ ဦးမျိုးတင့်ကတော့ အသက် ၅၀ ခန့်ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်တည်းက စစ်တပ်က ထွက်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ကြိမ်နဲ့ဆို သူ့ကိုပြန်လာဖမ်းတာ ၂ ကြိမ်မြောက်ရှိပြီလို့ ဆိုပါတယ်။
ဦးမျိုးတင့်ကို ချုပ်နှောင်စစ်ဆေးပြီးနောက် ဒီနေ့မှာ ပြန်လည်လွှတ်ပေးလိုက်ပေမယ့် ကိုအောင်လင်းဦးကိုတော့ ရှေ့တန်း ပို့လိုက်ပြီလို့ မိသားစုတွေထံက သိရပါတယ်။
စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့အစည်းကြောင့် ဒေသခံတွေဟာ အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်ကောင်စီ၊ ဒေသခံပျူစောထီး၊ PNO ပအိုဝ်းပြည်သူ့စစ်တွေရဲ့ အင်အားစုဆောင်းတာ၊ အကြောင်းပြချက်မရှိ ဖမ်းဆီးတာ၊ ငွေညစ်တာတွေခံနေရတယ်လို့ ဆိုပါတယ်။