ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ တောင်ပေါ်ဒေသ၊ ရှမ်းရွာ သစ်ကွင်းမှ ဖမ်းဆီးခံထားရတဲ့ အသက် ၄၇ နှစ်အရွယ် ဇနီးမောင်နှံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ငွေကျပ် သိန်း ၂၃၀ ပေးဆောင်ခိုင်းတယ်လို့ ရွာခံတွေက ပြောပါတယ်။
PDF ထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး ဇနီးဖြစ်သူဟာ ၃ ရက်အကြာမှာပဲ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နီးစပ်သူ တစ်ဦးက “၂၄ ရက်နေ့မှာ သေတယ်လို့ သတင်းပို့လာတာ။ အလောင်းကတော့ မတွေ့ရဘူး။ အဲတာနဲ့ အိမ်မှာပဲ ဆွမ်းသွပ်ပေးလိုက်တာ။ သစ်ပွဲစားဆိုတော့ တောထဲ အလုပ်သမားတွေကို ထမ်းပို့ပေးရတယ်။ အဲတာကို မနာလိုတဲ့သူတွေက PDF ထောက်ပံတယ်လို့ သွားတိုင်တာ” လို့ ပြောပါတယ်။
ဖမ်းဆီးပြီးနောက်ပိုင်း ခင်ပွန်းဖြစ်သူကို သိန်း ၁၅၀ နဲ့ ဇနီးဖြစ်သူကို သိန်း ၈၀ ပေးမှသာ ကွင်းလုံးကျွတ် လွှတ်ပေးမယ် ဆိုပြီး ရဲတပ်ဖွဲ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဇနီးဖြစ်သူဟာ စစ်ကြောရေးမှာ သေဆုံးခဲ့တာကြောင့် ခင်ပွန်းကပဲ သိန်း ၂၃၀ ပေးဆောင်ရမှာ ဖြစ်ပြီး လတ်တလော မပေးဆောင်နိုင်သေးတာကြောင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့ ရဲစခန်းမှာ ချုပ်နှောင်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ဇနီးမောင်နှံ ၂ ဦးဟာ သာစည်မြို့နယ်၊ သန်းတောရွာမှာ နေထိုင်သူတွေဖြစ်ပြီး ခင်ပွန်းဖြစ်သူကို အကြမ်းဖက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု ပုဒ်မ ၄၃-(က)နဲ့ စွဲချက် တင်ထားတယ်လို့ နီးစပ်သူတွေကပြောပါတယ်။
ဖမ်းဆီးခံရစဉ် အသက် ၃၀ ဝန်းကျင်အရွယ် သစ်အလုပ်သမား အမျိုးသား ၄ ဦးလည်း ပါဝင်ပြီး သူတို့ကိုလည်း သိန်းဆယ်ချီအထိ ငွေညှစ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းကစပြီး ဓနုဒေသတွေဖြစ်တဲ့ ရွာငံနဲ့ ပင်းတယမြို့နယ်က ပြည်သူတွေကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက မကြာခဏ စွပ်စွဲဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ စုံစမ်းသိရပါတယ်။