ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှ စစ်ကောင်စီ၏ သစ်တောဌာနစခန်းနှစ်ခုကို စီးနင်းသိမ်းပိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစုမှ ပြန်ကြားရေး CRC -PLAက သတင်းထုတ်ပြန်သည်။
ရွာငံမြို့နယ်မှ မအူပင်သစ်တောစခန်းနှင့် ဂဇတ်ကြီးသစ်တောစခန်းကို အောက်တိုဘာ ၂၇ရက်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဟု ဆိုသည်။
ယင်းစခန်းနှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာငံမြို့နယ် ပန်းလောင်မြစ်ကမ်းဘေးနေ ဒေသခံပြည်သူများ၏ လှေများအားအကြောင်းမဲ့ဖမ်းဆီးပြီး ငွေဖြင့် ရွေးခိုင်းသည်ဟု တိုင်ကြားချက်ရရှိသောကြောင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု အသိပေးထားသည်။
CRC-PLA နှင့် (၁၀၀၃) တပ်ရင်းမှော်ဘုရင်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ် ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ပြည်သူပိုင်လှေများအား ပြန်လည်ယူဆောင်ပေးခဲ့ပြီး စခန်းနှစ်ခုလုံးအား မီးရှိူ့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ပင်းတယနှင့် ရွာငံမြို့နယ်များတွင် ပြီးခဲ့သည့် စက်တင်ဘာမှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား စစ်ရေးတင်းမာနေသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်က တောင်ကြီးခရိုင်ရဲမှူးလိုက်ပါစီးနင်းလာသည့် ယာဥ်တန်းကို ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLF) ရွာငံမြို့နယ်၌ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုဲံးခဲ့သည်။