စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆင်အင်းကျေးရွာတွင် တပ်စွဲထားသော ပျုစောထီး လေးဦးမှ စပါးသယ်ယူရန် ကင်းပုန်းဝပ်နေစဉ် ပြည်သူကကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ လေးဦးစလုံး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။
ယမန်နေ့(ဇွန်လ ၂၀ရက်) မွန်းလွဲပိုင်း၌ ဆင်အင်းရွာနှင့်မြင်းစီးကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရွှေဘိုခရိုင် တပ်ရင်း (၄)နှင့် ဆင်အင်းရွာ(ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ရန်သူလေးဦးသေဆုံးခဲ့ပြီး ကာဘိုင် သုံးလက်၊ AK-47 တစ်လက်၊ ကျည် (၂၉၆) တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ ကျည်ဘောက် လေးခုနှင့် ချပ်ဝတ်တန်ဆာ လေးခုတို့ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
“ဆင်အင်းရွာက ပျူရွာလို့လည်းစာရင်းပေါက်ထားတယ်။ ပြည်သူ့အဖွဲ့တွေလည်း အဲဘက်တွေမှာစိုးမိုးတယ်။ အဖွဲ့တွေပေါင်းတိုက်တာ။”ဟု ရွှေဘိုဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။