ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ရွှေငြိမ်းချမ်းကျေးရွာအနီးတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားတစ်ဦးကို ဆေးဝါးကုသပေးပြီးနောက် လမ်းစရိတ်ပေး၍ ပြန် လွှတ်လိုက် ကြောင်း မြို့လှ K-PDF က ယနေ့ အသိပေးသည်။
စစ်ကောင်စီ၏ ခလရ (၁၀)အထိုင်စခန်းကုန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြို့လှ K-PDF တပ်ရင်းတို့မှ စခန်းသိမ်းရာတွင် ခလရ(၁၀)တပ်စခန်းမှ တပ်သား ညီညီအောင် အား စစ်သုံးပန်းအဖြစ်ဒဏ်ရာများနှင့် ဖမ်းဆီးရမိခဲ့ခဲ့ခြင်းဟု ဆိုသည်။
တပ်သားညီညီအောင်အား KIAတပ်ရင်းမှ ဆေးဝါးများကုသမှု့ပေးပြီး ပုံမှန်အတိုင်းပြန် ကောင်းသွားပြီးနောက် KIA အမှတ်(၅)တပ်ရင်းမှ လမ်းစရိတ်များပေးအပ်ပြီး ယခုလ ၁၃ ရက်က လွှတ်ပေးခဲ့ကြောင်း အသိပေးသည်။
“ခလရ (၁၀)အထိုင်စခန်းကုန်းကို သိမ်းနိုင်တာက ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၁ ရက်နေ့က။ လက်နက် ရှစ်လက်နဲ့ ခဲယမ်းတွေ သိမ်းမိခဲ့တာရှိတယ်။မြို့လှK-PDF တပ်ရင်းဘက်ကတော့ ပြည်သူ့ရဲဘော် သုံးဦးဒဏ်ရာရတယ် မစိုးရိမ်ရအခြေနေလောက်ပါပဲ”မြို့လှ K-PDF ပြောသည်။
ကချင်ပြည်နယ်၊ရွှေကူမြို့ရှိ ရွှေငြိမ်းချမ်းကျေးရွာအနီးရှိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သားလေးဦးထက်မနည်းသေဆုံးကြောင်း မြို့လှ K-PDFက ကနဦး ထုတ်ပြန်ထားသည်။
ခလရ(၁၀)စစ်ကောင်စီစခန်းကုန်းအပါအဝင် ခမရ (၃၈၇)စစ်တပ်အခြေစိုက် ပန်းခွန်ရံနှင့် ခလရ(၇၇)တပ်စွဲထားသော ကျောက်ကြီးကျေးရွာရှိ စခန်းများကို KIA နှင့် K-PDF က ပူးပေါင်း၍ သိမ်းပိုက်ထားသည်။