ကချင်ပြည်နယ်ရွှေကူမြို့နယ်၊ မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ဗုံးကြဲချတိုက်ခိုက်ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ဆေးရုံတက်လူနာအချို့ ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့(ဇွန်လ ၁ရက်)ည ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်မှ တိုက်ခိုက်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။
” တိုက်ပွဲမရှိဘူး။ပေါင် ၅၀၀ ဗုံးကြဲတာ။ ကလေးတစ်ဦး အသက်က ၈နှစ်ခန့် သေဆုံးသွားတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်” ဟု ယင်းဒေသခံကပြောသည်။
သေဆုံးသွားသော ကလေးငယ်၏ အမည်မှာ မောင်ထက်ဦးဝေယံဖြစ်သည်။ ယခုရက်ပိုင်း၌ ရွှေကူမြို့နယ်၌ တိုက်ပွဲမရှိကြောင်း၊ စစ်တပ်က လူထုအား ဦတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
ရွှေကူမြို့သည်ဗန်းမော်ခရိုင်အတွင်း ပါဝင်သည်။ ဗန်းမော်ခရိုင်အတွင်း မိုးမောက်၊ မံစီမြို့နယ်များတွင် ယခုရက်ပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်နေသည်။