ကချင်ပြည်နယ်၊ ရွှေကူမြို့မြို့မရဲစခန်းဟာ သြဂုတ် ၁၆ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရွှေကူမြို့မရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် စခန်းမှူးနဲ့ ရဲမေတဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ရခဲ့တာဖြစ်ပါတယ်။
ရဲစခန်းအနီး နေထိုင်သူတဦးက “မနက် ၉ နာရီခွဲလောက်က ရဲစခန်းကို ဒရုန်းနဲ့ ဗုံးလာကြဲသွားတာ၊ ဒရုန်းနဲ့ နှစ်ကြိမ်၊ တခါကြဲ နှစ်လုံးဆိုတော့ လေးလုံးဖြစ်သွားတယ်။ ကျနော်ကြားရသလောက် စခန်းမှူး ဒဏ်ရာပြင်းထန်တယ်။ နောက် ရဲမေတဦးလည်း ခြေထောက်ထိသွားတယ်။ လူနာတင်ကားတော့ ဝင်ထွက်နေတာ တွေ့ရတယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေကူမြို့မရဲစခန်းဟာ မကြာခဏ တိုက်ခိုက်ခံနေရတဲ့ အတွက် တပ်ဖွဲ့ဝင်မိသားစုတွေဟာ ရဲတပ်ဖွဲ့ ဝန်ထမ်းအိမ်ရာမှာ လုံခြုံမှုမရှိလို့ မနေရဲတော့ဘဲ စစ်တပ်ဝန်းအတွင်းမှာ ညဘက် သွားအိပ်နေကြရတာပါ။
ရွှေကူမြို့မရဲစခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက် ညနေပိုင်းကလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ရဲမေတဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။