ကသာမြို့မှ ရွှေကူမြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာသည် စစ်ကောင်စီရိက္ခာတင်သင်္ဘောကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် PDFပူးပေါင်းတပ်ဖွဲ့က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြသည်။
ယနေ့(စက်တင်ဘာ၂၉ရက်) နံနက် ၇နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ ကသာမြို့မှ ကချင်ပြည်နယ်၊ ရွှေကူမြို့ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီရိက္ခာတင် သင်္ဘောနှစ်စီးကို ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပ္ပလိတ်ကျေးရွာအနီးတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အင်အား ၈၀ခန့်ပါသည့် ယင်းသင်္ဘောနှစ်စီးကို ဧရာဝတီမြစ်ကြောင်းတလျှောက်တွင် နံနက် ၈နာရီ ၄၅မိနစ်ခန့်၊ နံနက် ၁၀နာရီခန့်၊နံနက် ၁၀နာရီခွဲခန့်နှင့် နံနက်၁၁ နာရီ ၄၀မိနစ်ခန့်တွင် ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသတင်းရရှိသည်။
အဆိုပါ သင်္ဘောနှစ်စီးသည် ရွှေကူမြို့နယ်အတွင်းသို့ရောက်ရှိစဉ် KIA နှင့် PDFပူးပေါင်းတပ်ဖွဲ့က နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြို့လှK-PDFက သတင်းထုတ်ပြန်သည်။
” သူတို့က မြစ်ကြောင်းထဲမှာမို့လို့ ထိခိုက်မှုကို ကျွန်တော်တို့မသိသေးပါဘူး။ စစ်ရေးက ဆက်လက် တင်းမာနေပါတယ်”ဟု မြို့လှK-PDFနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မြစ်ကြောင်းတလျှောက်အတွင်း တိုက်ခိုက်မှုအကြိမ်ကြိမ်ခံရပြီးနောက် ရွှေကူမြို့နယ် မင်းကျောင်းကုန်းကျေးရွာတွင် ကမ်းကပ်ကာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် ခမရ (၃၁၇) နှင့် ပူပေါင်းသွားကြောင်း သတင်းရရှိသည်။
အဆိုပါ ပူးပေါင်းစစ်ကြောင်းကို သာယာကုန်းရွာအနီးတွင် မြို့လှK-PDF တပ်ရင်းက ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။လက်ရှိတွင် စစ်ကောင်စီ ရိက္ခာတင်သင်္ဘောနှစ်စီးသည် ကျောက်ကြီးရွာ ဘုန်းကြီးကျောင်းဆိပ်ကမ်း၌ ရပ်တန့်ထားသည်။
စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ အင်အားတိုးချကာ ရွှေကူမြို့နယ် အရှေ့ကမ်းဘက်အခြမ်းသို့ ထိုးစစ်ဆင်လာနိုင်သည်ဟု မြို့လှK-PDFက သတိပေးထားသည်။
ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတင်းများနားစွင့် နေထိုင်ကြရန်နှင့် စစ်ကောင်စီအဖွဲ့များနှင့် ဝေးရာရှောင်ရှားနေထိုင်ကြရန်လည်း မြို့လှK-PDFက သတိပေးထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက်က ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီရိက္ခာတင်သင်္ဘောခြောက်စီးအား လုံခြုံရေးယူရန် စက်လှေဖြင့် ထွက်ခွာသည့် စစ်ကြောင်းကို မြို့လှK-PDF အဖွဲ့က တိုက်ခိုက်ခဲ့သည်။အဆိုပါ တိုက်ပွဲတွင်စစ်ကောင်စီစစ်ကြောင်းမှူးဒဏ်ရာရသွားပြီ ကိုးဦးသေဆုံးကာ ၁၁ဦးဒဏ်ရာရသွားသည်ဟု မြို့လှK-PDF အဖွဲ့က အသိပေးထားသည်။