ကချင်ပြည်နယ် ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့လို့ အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှ်ိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ မနေ့ည ၁၀ နာရီလောက်မှာ မြို့တွင်း ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့ထဲလက်နက်ကြီးပစ်ခတ်ခဲ့ရာ အောင်တော်မှုဘုရားကျောင်းဝင်းနဲ့ ဗောဓိကျောင်းတိုက်ဝင်းထဲကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံအမျိုးသားတစ်ဦးနဲ့အမျိုးတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ မြို့ခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။
” ခု လူနာကဆေးရုံမှာ ဘယ်နေရာတွေမှာထိတာလဲဆိုတာတော့ အသေးစိတ်မသိရဘူး။ ဆေးရုံပို့ထားပြီဆိုတော့” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူ ၂ ဦးဟာ အောင်တော်မူဘုရားအနီးနေထိုင်တဲ့ ကိုသန်းမြတ်စိုး မမိဆောင်းတို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ အောင်တော်မူဘုရားဝင်း အုတ်နံရံများလည်း ထိခိုက်ပျက်စီးတာအပြင် လူနေအိမ်တွေလည်း ကျည်ထိမှန်တာတွေရှိတယ်လို့ သိရပါတယ်။
ရွှေကူမြို့ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားနေအိမ်တွေ မီးရှို့အများဆုံးခံရတဲ့မြို့နယ်လည်း ဖြစ်ပါတယ်။