ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ (၉)နှစ်အရွယ် ကလေးငယ် ကျည်စထိမှန် သေဆုံးခဲ့ရကြောင်း KNU ဗဟိုက ယနေ့ညပိုင်း၌ အသိပေးသည်။
တပ်မဟာ(၃) ညောင်လေးပင်ခရိုင် အပါအဝင် KNU အုပ်ချုပ်နယ်မြေရှိ ပြည်သူလူထုများအား စစ်ကောင်စီက ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုများ နေစဉ်နီးပါး ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ရက်တွင် ချုံအင်းကျေးရွာသို့ လက်နက်ကြီး သုံးလုံးကျရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ရက်တွင် ဂွေးကုန်းကျေးရွာနှင့် ချုံအင်းကျေးရွာသို့ စုစုပေါင်း (၁၉)လုံး ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
ဖေဖော်ဝါရီ ၂၅ရက်တွင် ညောင်လေးပင် အခြေစိုက်တပ် ခမရ-၂၀မှ လက်နက်ကြီး ၁၂၀မမ နှစ်လုံးကို ညောင်ပင်ကြီးကျေးရွာသို့ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄မှ လက်နက်ကြီး ၁၂၀မမ တစ်လုံးကို ကောက်မယ့်သူကျေးရွာသို့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကြောင့် စောတက်တိုး ဆိုသည့် (၉)နှစ်ကလေးငယ် ကျည်ထိမှန်သေဆုံးခဲ့ရသည်ဟု အသိပေးသည်။
KNU တပ်မဟာ(၃)နယ်မြေသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုအားကောင်းသည့် ဒေသ ဖြစ်သည့်အလျောက် စစ်ကောင်စီက ဒေသတွင်း ကျေးရွာများကို ပစ်မှတ်ထားပြီး ပြန်လည်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူ သေဆုံးထိခိုက်မှု မကြာခဏ ရှိခဲ့ပြီး ပြည်သူများစွာ စစ်ရှောင်နေကြရသည်။