ရွှေဈေးသမိုင်းတစ်လျှောက်စံချိန်တင် မြင့်တက်လာချိန်တွင် စစ်ကောင်စီက ရန်ကုန် နှင့် မန္တလေးမြို့ရှိ ရွှေဆိုင် ၇ဆိုင်ကို သတ်မှတ်ချက်များမလိုက်နာဟုဆိုကာ လုပ်ငန်းယာယီရပ်နားစေပြီး အရေးယူလိုက်ကြောင်းထုတ်ပြန်သည်။
ပြင်ပပေါက်ဈေးတွင် ရွှေတစ်ကျပ်သားကို ကျပ် ၄၅ သိန်းကျော်ပေါက်ဈေးရှိလာချိန်တွင် စစ်ကောင်စီ၏ ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီကရွှေဆိုင် ၇ ဆိုင်ကို အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ညွန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သည်ဟု ဆိုကာ အရေးယူခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
အရေးယူခံရသည့် ဆိုင်များမှာ ရန်ကုန်တိုင်းမှ မောင်ကိန်း၊ နယူးတိုင်စင်နှင့် ခရမ်းသုံးခွရွှေဆိုင်တို့ဖြစ်ပြီး မန္တလေးမှ ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသားရွှေလှော်ဖို့လုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာရွှေဆိုင်လုပ်ငန်းတို့ဖြစ်သည်။
ထိုဆိုင်များကို အရေးယူရာတွင် အဖိုးတန်သတ္တု (ရွှေ ) ရောင်းဝယ်ရေးအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်မရှိခြင်းလည်းပါဝင်သည်ဟု စစ်ကောင်စီက အကြောင်းပြသည်။ထိုသတ်မှတ်ချက်သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသောစည်းကမ်းဖြစ်သည်။
ထိုရွှေလုပ်ငန်းများကို လုပ်ငန်းယာယီရပ်ဆိုင်းခြင်းအပါအဝင် အခြားအရေးယူများကို လုပ်ဆောင်ပြီးဖြစ်သည်ဟုဆိုသည်။
“သူတို့(စစ်ကောင်စီ)က ဈေးနှုန်းတွေကို သူတို့ရောင်းစေချင်တဲ့ ဈေးနဲ့ပဲရောင်းစေချင်တယ်။ ဈေးကွက်ဈေးနှုန်းဆိုတာ အမိန့်နဲ့ သတ်မှတ်ချင်တိုင်းသတ်မှတ်လို့မရဘူး။ ဒါကို သိရဲ့သားနဲ့ ရွှေဆိုင်တွေကို သတ်သတ်ဒုက္ခပေးတာ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်ထားသည့် ဈေးအတိုင်းရောင်းဝယ်ကြရန်နှင့် ရွှေဈေးတက်အောင်ဆောင်ရွက်သူများကို အရေးယူမည်ဟုလည်း မတ် ၃၀ ရက်က ခြိမ်းခြောက်ထားသည်။
ပြည်ပဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျင် ကျပ် ၄၄ သိန်းမှ ၄၅ သိန်းကြားပေါက်ဈေးရှိနေသည်။သို့သော် စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းရွှေအသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၈ သိန်းကျော်သတ်မှတ်ထားသည်။
စစ်ကောင်စီက ရွှေဈေးတက်လျင် လုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း၊ လုပ်ငန်းများကို အရေးယူခြင်း စသည့် အကြမ်းဖက်သောနည်းဖြင့် ဖြေရှင်းနေခြင်းဖြစ်သည်။ သို့သော်ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ခိုင်မာမှု မရှိသောကြောင့်ရွှေဈေးမှာ ကျလျင်လည်း ခတ္တသာကျပြီး ဆက်တိုက်တက်နေသည်။ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ လကုန်ပိုင်းက ရွှေ ၁ ကျပ်သားလျင် ၁၃ သိန်းကျော်သာရှိခဲ့သော်လည်း ယခုအခါ ၄၅ သိန်း ဝန်းကျင်အထိဈေးရှိလာသည်။