ရှမ်း/တောင် ရွှေညောင် အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၉၄ တပ်ရင်းမှူး ဟာ ဒေါနတောင်တိုက်ပွဲမှာ သေဆုံးသွားတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်က မြဝတီမြို့ကို သွားတဲ့ တပ်မ ၅၅ စစ်ကြောင်းတွေနဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားရာကနေ ရွှေညောင်က ခလရ(၉၄)ရဲ့ ယာယီတပ်ရင်းမှူး သန့်ဇော်ဝင်း ကျည်ထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“တပ်ရင်းဓမ္မာရုံမှာ မနေ့က တပ်ရင်းမှူးနဲ့ အခြားကျဆုံးတဲ့ အရာရှိ စစ်သည် တွေ ဆွမ်းသွပ်တယ်၊ သေချာတော့ မမေးရဲဘူး၊ အားလုံးငိုကြွေးနေကြတာ၊ ဘုန်းကြီးတွေ ပင့်တာတော့ သိရတယ်” လို့ ရွေညောင်မြို့ ခလရ(၉၄) နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
သေသွားတဲ့ရင်းမှူးဟာ ဒုမှူးကြီးအဆင့် မတင်ရသေးတဲ့ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအဆင့်သာရှိသေးပြီး မြဝတီကို ပအိုဝ်းဒေသကနေရွှေ့ပြောင်းပြီး စစ်ကြောင်းထိုးရတဲ့ တပ်ရင်းကို ဦးဆောင်ရင်း တိုက်ပွဲမှာ ကျည်မှန်ပြီး သေဆုံးတာလို့ သိရပါတယ်။
အခြားခိုင်မာတဲ့သတင်းအရ ယင်းသေဆုံးတပ်ရင်းမှူးရဲ့ ဖခင်ဖြစ်တဲ့ စစ်အရာရှိဟောင်း ဆိုသူက လူမှုကွန်ရက်မှာ သူ့သားသေဆုံးတာကို ရေးသားလာခဲ့တာဖြစ်ပါတယ်။ ခလရ-၉၄ တပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဝင်း DSA-46 ဟာ ဒေါနတောင်ပေါ် စစ်ကူစစ်ကြောင်းကို ဦးစီးပြီးချီတက်စဉ် သေဆုံးခဲ့တယ်လို့ ဖော်ပြထားတာသိရပါတယ်။
ခလရ(၉၄)ဟာ ရွှေညောင်ကို အခြေပြုထားတဲ့ တပ်ရင်းဖြစ်ပြီး ညောင်ရွှေ အင်းလေကန်ကို ထိန်းချုပ်ရတဲ့ တပ်ရင်းဖြစ်ကာ ဆီဆိုင်၊ ဟိုပုံးပင်လောင်း၊ ဖယ်ခုံစတဲ့ ပအိုဝ်းဒေသနဲ့ အင်းလေးကန်တစ်ဝိုက် ရှမ်း၊ကယားနယ်စပ်တွေမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုအများဆုံးရှိခဲ့တဲ့တပ်ရင်းဖြစ်ပြီး နယ်မြေခံ ပြည်သူလူထုတွေအပေါ် ကြမ်းတမ်းရက်စက်စွာ ဆက်ဆံခဲ့တဲ့ တပ်ရင်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။