ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဆောက်လုပ်ရေးမှတ်တိုင်အနီးရှိ “ရွှေပြည်မွန်”ဆေးရုံးအရှေ့မှာ ဆိုင်ကယ်တွေ ဝင်ဖမ်းပြီး ရဲ ၂ ဦးက ဆိုင်ကယ်ကို ကားပေါ်သို့တင်ဆောင်နေချိန် သေနတ်ကျည်ဆန်ထွက်သွားပြီး ရဲတစ်ဦးဗိုက်ထိသွားတယ်ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
ဒီနေ့ မေလ၂၈ ရက် မနက်ပိုင်းက ဆေးရုံအရှေ့မှာ ရပ်ထားတဲ့ဆိုင်ကယ်တွေကို လာရောက်ဖမ်းဆီးပြီး ကားပေါ်သို့ ဆိုင်ကယ်တင်နေချိန် ကျည်ဆန်ထွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ရှေ့ကနေ တစ်ယောက်ကသယ်နေတုန်း နောက်ကတင်ပေးတဲ့ ရဲသေနတ်ကနေ ကျည်ထွက်ပြီး ရှေ့ကတင်တဲ့အကောင်ကို မှန်တာ။ ဗိုက်ကို ထိသွားလို့ အူတွေတောင် ထွက်တယ်ကြားတယ်။ သေသွားလားဆိုတာတော့ မသိရသေးဘူး” လို့ သူကပြောပါတယ်။
အလားတူ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ လုံခြုံရေးယူထားသော စစ်ကောင်စီတပ်တွေဟာလည်း ဘက်ထရီစက်ဘီး၊ ဆိုင်ကယ်တွေကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
အဲ့ဒီ့ ရုံးရှေ့မှာ စက်တပ်ယာဉ်မျာ း(ကားများမှအပ) ဖြတ်သန်းခွင့်မပြု ဆိုတဲ့ သတိပေးစာတွေ ကပ်ထားပြီး မလိုက်နာရင် ဖမ်းဆီးနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
“ပေါက်ကြေးတဝက်လောက်တောင် တောင်းခံရတာတွေရှိတယ်။ တချို့က သူတို့တွေကို ကြောက်လို့ သွားမထုတ်ဘဲ အဆုံးခံကြတယ်။ ရောင်းစားတာတွေလဲ ရှိတယ်။ အဲ့နေရာက မဖြတ်စေချင်တာကို လူတွေဘာလို့ ဖြတ်နေမှန်း စဉ်းစားလို့တောင် မရဘူး။ စာတွေလဲ ကပ်ထားတာပဲဟာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘက်ထရီစက်ဘီးများ၊ ဆိုင်ကယ်များ၊ ဆိုက်တွဲများနဲ့ လာရောက်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီက အဆိုပါဘီးတွေစီးနင်းသူတွေကို စစ်ဆေးခြင်းနဲ့ဖမ်းဆီးတာတွေကို နေ့စဉ်ပြုလုပ်နေတာဖြစ် ပါတယ်။