ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၃ ထိပ်အနီး၊ သပြေရွာ လက်ဖက်ရည်ဆိုင် လမ်းချိုးမှာ ဆိုင်ကယ် လိုက်ဖမ်းတဲ့ စစ်ကားက ဆိုင်ကယ် စီးလာတဲ့ အမျိုးသမီးကို ဝင်တိုက်လို့ သေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဇူလိုင်၂၇ နေ့၊ မနက် ၉ နာရီ ၅၀ မိနစ် ဝန်းကျင်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသား တစ်ဦး နောက်ကို စစ်ကား တစ်စီးနဲ့ လိုက်ဖမ်းစဉ် ဆိုင်ကယ်စီး လာတဲ့ အမျိုးသမီးကို ဝင်တိုက်လို့ သေဆုံးသွားခဲ့တာလို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
“သူတို့ဖမ်းတဲ့ ဆိုင်ကယ်က ရပ်ကွက်လမ်းတွေထဲ ပတ်မောင်းပြေးတုန်း သူတို့ကားနဲ့ တိုက်မိတာ။ ခေါင်းမှာ သွေးတွေ ထွက်နေတာ မြင်မကောင်းဘူး။ သူတို့တွေ ကားပေါ်က ဆင်းလာပြီး သေနတ်တွေနဲ့ ဆိုတော့ လူတွေလည်း မကူညီရဲကြဘူး။ ဆေးရုံကား ရောက်လာပြီးတော့ ခေါ်တင်သွားတာ တွေ့လိုက်တယ်” လို့ သူကပြောပါတယ်။
စစ်တပ် DC ကားနဲ့ အတိုက်ခံရတဲ့ အမျိုးသမီးကို စစ်ကောင်စီတပ်က အင်းစိန်ဆေးရုံသို့ တင်ပို့ပေးခဲ့ပေမယ့် ဆေးရုံ အရောက်မှာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်၊ ပန်းခြံ (၈)၊ အမှတ်(၃၄)၊ မူလွန်ကျောင်းရှေ့လမ်းမှာ အသက် ၄၀ ကျော်အရွယ် စိတ်ကျန်းမာရေး ချို့တဲ့နေသူ တစ်ဦးကို စစ်ကောင်စီက သေနတ်နဲ့ လည်ပင်း ၂ ချက် ပစ်ခတ်လို့ သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။