စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကိုးပင်တပ်မှ လာသော အင်အား ၇၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇွန် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သံဘိုကျေးရွာအရှေ့ဘက်၌ တိုက်မိုင်းထိပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သံဘိုရွာ၊ ချောင်းဆုံရွာ၊ ရေအေးကုန်းရွာနှင့် ကျီးကန်ရွာ စသည့် ရွာ ၄ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“လက်နက်ကြီးနဲ့ ရမ်းပစ်တာ ပြည်သူတွေတော့မထိဘူး။ သံဘိုရွာထဲ လက်နက်ကြီးကျကွဲတယ်”ဟု ဒေသပြည်သူမှ ပြောပြသည်။
လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ဇွန်လ ၁၀ ရက်နေ့က ခင်ဦးမြို့နယ် ရေအေးကုန်းရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပျူစောထီးရွာဖြစ်သည့် မကျီးတုံရွာသို့ စစ်ကြောင်းဝင်ပေါင်းကာ မိုင်းဆွဲမှုကြောင့် သေဆုံးခဲ့သည့် စစ်သား အလောင်း ၃ လောင်းကို ရွာအရှေ့ဘက်တွင် မီးရှို့နေခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။