စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရွှေဘို-ဆိပ်ခွန်လမ်း ချီပါတံတားအနောက် လမ်းပေါ်တွင် အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲချသည့်အတွက် ပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ မတ်လ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဒရုန်းဖြင့် ဗုံးလာကျဲချခြင်းဖြစ်ပြီး ထိုက်ခိုက်ဒဏ်ရာသူ ၁ ဦးသည် ခေါင်းထိခိုက်၍ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။
“ဒဏ်ရာတွေက တစ်ဦးကို သုံးလေးနေရာလောက်ရတာ။ ဦးခေါင်း နဖူး ရင်ဘတ် နောက်ကျော ပေါင် ။ ခေါင်းထိတဲ့သူကတော့ သတိက မရတစ်ချက် ရတစ်ချက် ဖြစ်နေတယ်။ ဒရုန်းက ဗုံးချပြီးတော့ မြောက်နေ အရှေ့ ရွှေဘို ရွှေဓားဘုန်းကြီးကျောင်းဆီကို ပျံသန်းသွားတယ်လို့ မြင်တဲ့ လူတွေက မြင်လိုက်တယ်။ တိုက်ပွဲ ဖြစ်တာလည်း မရှိဘဲ အကြောင်းမဲ့ လာချသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောပြသည်။
အကြမ်းဖက်စစ်တပ်၏ ဒရုန်းနှင့် ဗုံးချမှုကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၅ ဦးဖြစ်ပြီး ဆိုင်ကယ် ၁ စီးမီးလောင်ပျက်စီးကာ ကား ၁ စီး မှန်များ ကွဲသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။