စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ မုံ့စီကျေးရွာကို ဇူလိုင် ၂၉ ရက်ဒီမနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်လာပြီး နေအိမ် ၅ လုံးကို မီးရှို့ခဲ့တဲ့အပြင် နေအိမ်တွေက ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပျူစောထီးရွာလို့ လူသိများတဲ့ ရွာသာရွာကနေ စစ်သားနဲ့ ပျူစောထီး စုပေါင်းအင်အား ၂၀ လောက်က ဒီမနက် ၆ နာရီလောက်မှာ မုံ့စီရွာထဲကို ဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။
“ပစ္စည်းလိုချင်လို့ ဝင်သယ်တာ။ တရွာလုံးကအိမ်တွေမှာ စားစရာသောက်စရာကစပြီး အားသွင်းကြိုးပါမကျန် တော်တော်ပါသွားတယ်လို့ သိရတယ်။ ပစ္စည်းလာသယ်ကြတာ “လို့ ရွှေဘိုကျားကြီးအဖွဲ့မှ ဗိုလ်ကျားကြီးက ပြောပါတယ်။
မီးရှို့ခံရတဲ့နေအိမ်တွေဟာ ယခင်က NLD ပါတီထောက်ခံတဲ့ နေအိမ်တွေလို့ သိရပါတယ်။
ရွှေဘိုမြို့နယ်ကကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပေါင်းပြီး မကြာခဏ စစ်ကြောင်းထိုးမီးရှို့တာ၊ ပစ္စည်းလုယူတာတွေရှိနေပြီး ဒေသခံတွေကို မထင်ရင်မထင်သလို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်မနက်ပိုင်းကလည်း ရွှေဘိုမြို့နယ်၊ ကံသာကုန်းကျေးကနေအိမ်တွေကို စစ်သားနဲ့ပျူ ပူးပေါင်းအဖွဲ့က မီးရှို့ပြီး ရွာသူရွာသား ၅၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။