စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်က ကျေးရွာအား လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (အောက်တိုဘာ ၁၅ ရက်) နေ့လယ် ၃နာရီကျော်က ရွှေဘိုမြို့အဝင်တွင် စစ်ကောင်စီတပ်က (၁၂၀)မမ လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့၍ ရင်းဘာကျေးရွာသို့ ကျရောက်ပေါက်ကွဲကာ (၁၈)နှစ်အရွယ် ကိုစိုးညီဝင်းဆိုသူ ထိမှန်သေဆုံးခဲ့ကြောင်း Wet Let Informational Network အဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။
“ရွှေဘိုမုခ်ပေါက်မှာ အင်အားတွေဖြည့်တယ်။ အဲဒီနောက်မှာ (၁၂၀)မမနဲ့ အရပ်မျက်နှာ တောင်ဘက်နဲ့ အနောက်ဘက်ကို ရမ်းပစ်တယ်။ ရင်းဘာရွာထဲ နှစ်လုံးကျတာ။ တစ်လုံးက (၁၈)နှစ်အရွယ် ကိုစိုးညီဝင်းကိုထိပြီး သေဆုံးတယ်။ အိမ်ခြံဝင်းထဲကျတဲ့တစ်လုံးကတော့ ထိခိုက်မှုမရှိဘူး။”ဟု အထက်ပါတာဝန်ခံက ပြောသည်။
အလားတူ ယနေ့ နေ့လယ် ၁နာရီခွဲခန့်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရွာသစ်ရွာသို့ ကျရောက်ခဲ့ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာ ၁၄ ရက်က အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ရွှေဘို – မန္တလေးလမ်းမကြီးတလျှောက်စစ်ကြောင်းထိုးနေ၍ ဝက်လက်မြို့နယ်အထိ ကျေးရွာအများအပြားမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ယမန်နေ့က ကံသာရိုးကျေးရွာအနီးရှိ ပြည်သူ လေးဦး ဖမ်းဆီးထားပြီး ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများလည်းရှိနေကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ရွှေဘို – မန္တလေးလမ်းပိုင်းအား ယမန်နေ့မှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးတားမြစ်ထားသည်။